(ဂ)-မြန်မာနိုင်ငံရှိရဲဘက်စခန်းများအားဖျက်သိမ်းရန် အစီအစဉ် ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း
၁၉၈၈ခုနှစ် နောက်ပိုင်းတွင် ရာဇဝတ်အကျဉ်းသားတွေသာမက၊ နိုင်ငံရေးအကျဉ်းသားများကိုပါ ရဲဘက်ခေါ်သည့်သတင်းများ နှင့် အခြေအနေ တော်တော်ဆိုးသည့် သတင်းများကို မိမိတို့ကြားရ ပါကြောင်း၊ သို့သော် IC ၊ RC များ ဝင်လာပြီးနောက်ပိုင်းတွင် အခြေအနေ တော်တော်လေး တိုးတက် လာသည်ကို ကြားရပါကြောင်း၊ အကျဉ်းသားများ၏ လုပ်အားကို နိုင်ငံတော် တည်ဆောက်ရေး၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး အတွက် အသုံးချခြင်းဖြစ်ပါကြောင်း၊ ၎င်းပုံစံကို အရင်တုန်းက နာဇီခေတ် တွင် တွေ့ဖူးပါကြောင်း၊ ဆိုဗီယက်ခေတ်က ဆိုက်ဗေးရီးယားကိုပို့သည့် Concentration Cent များ၊ ကမ္ဘောဒီးယားတွင် ခမာနီခေတ်များတွင် တွေ့ဖူးပါကြောင်း၊ အဓိကကတော့ အာဏာရှင်၊ ကွန်ပျူနစ် အာဏာရှင်ခေတ်တွင်သာ တွေ့ဖူးပါကြောင်း၊ ယခုအချိန်တွင် မိမိတို့နိုင်ငံ သည် ဒီမိုကရေစီနိုင်ငံတော် ကို တည်ဆောက်နေပါကြောင်း၊ဒီမိုကရေစီနိုင်ငံတော်ကို တည်ဆောက်နေသည့်အခါ အခြားသော ဒီမိုကရေစီနိုင်ငံများသည် ယခုလိုအကျဉ်းသားများ၏ လုပ်အားကို ရယူခြင်းရှိ/မရှိဆိုသည်ကို မိမိ မသိပါကြောင်း၊ထို့ကြောင့် ရဲဘက်စနစ်၊ ရဲဘက်အကျဉ်းသားများ၏ လုပ်အားကိုရယူသည့်စနစ်နှင့် ရဲဘက်စခန်းများကို ယခုအစိုးရလက်ထက်တွင် ဖျက်သိမ်းသွားဖို့ အစီအစဉ် ရှိ/မရှိ ကိုသိလို ပါကြောင်း မေးမြန်းပါသည်။