(ဆ)-မိုင်းတုံမြို့နယ်ရှိ သံလွင် မြစ်ကူးကြိုးတံတား ဂိတ်နှင့်အမှတ်(၂၉၄) တပ်ရင်းဂိတ်တို့အားနံနက် (၆)နာရီ ည(၆)နာရီ အစားည(၈)နာရီအထိအချိန် တိုးမြှင့်၍ဖြတ်သန်းသွားလာခွင့်ပြုနိုင်ခြင်းရှိ၊မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း
မိုင်းတုံမြို့သည် ရှမ်းပြည်နယ်(အရှေ့ပိုင်း) သံလွင်မြစ်၏ အရှေ့ဘက်ကမ်း ၃၃ မိုင်အကွာတွင် တည်ရှိပြီး အရှေ့ဘက်တွင် မိုင်းဆတ်မြို့နယ်၊ အနောက်ဘက်တွင် မိုင်းပန်မြို့နယ်၊ မြောက်ဘက်တွင် မိုင်းပျဉ်းမြို့နယ် နှင့် တောင်ဘက်တွင် ထိုင်းနိုင်ငံတို့နှင့် နယ်နိမိတ်ခြင်း ထိစပ်လျက်ရှိသော မြို့ဖြစ်ပါကြောင်း၊ အရှေ့မှအနောက်သို့ ၄၅ မိုင်၊ တောင်မှ မြောက်သို့ ၄၂ မိုင် ရှည်လျားပြီး စတုရန်းမိုင် အားဖြင့် ၂၅၂၂.၂၈၅ မိုင် ကျယ်ဝန်းပါကြောင်း၊ မိုင်းတုံမြို့ အတွင်း တပ်မတော်တပ်ရင်း (၈)ရင်း နှင့် အခြေကျစစ်ဗျူဟာတစ်ခု တာဝန်ယူလျက်ရှိပြီး ယခင်က ရှမ်း၊ လားဟူ လူမျိုးအများစုနှင့် ဗမာ အနည်းငယ်နေထိုင်ကြသော်လည်း ၂၀၀၀-၀၁ ခုနှစ် နောက်ပိုင်း UWSA “ဝ” တပ်ဖွဲ့များ နှင့်အတူ တိုင်းရင်းသား အများအပြား ပြောင်းရွှေ့လာပါကြောင်း၊ ယခုအခါ “ဝ” ၊ ရှမ်း၊ လားဟူ ၊ ဗမာနှင့်အခြားတိုင်းရင်းသားများအနည်းစု စုပေါင်းနေထိုင်ကြသော မြို့တစ်မြို့ဖြစ်ပါကြောင်း၊ တစ် မြို့နယ်လုံးတွင် လူဦးရေ ၇၀၀၀၀ ကျော်နေထိုင်ကြပါကြောင်း၊ ဝေးလံခက်ခဲသော နယ်စပ်မြို့တစ်မြို့ ဖြစ်သည့်အလျောက် ကုန်းလမ်းခရီးကိုသာ အဓိကသွားလာနေရသော မြို့တစ်မြို့ဖြစ်သောကြောင့် လမ်းနှင့်တံတားများသည် အရေးပါကြောင်း၊ မိုင်းတုံ၊ မိုင်းပန် ၆၆ မိုင် ရှိသည့်ခရီးတွင် တောင်ဆင်း တောင်တက်လမ်းများဖြစ်သည့်အတွက် အကွေ့အကောက်အလွန်များပြီး အချို့နေရာများတွင် မြေသားများဖြင့် ပြုလုပ်ထားသဖြင့် Four Wheel များဖြင့်သာ သွားလာနေရပါကြောင်း၊ ယခုအခါ လမ်းများချဲ့ထွင်ရေး၊ မြေသားလမ်းများ ညှိပေးခြင်း၊ အချို့နေရာများတွင် ကတ္တရာ လမ်းခင်းခြင်း လုပ်ငန်းများကို နေ့စဉ် ဆောင်ရွက်ပေးမှုကြောင့် ယခင်လောက်လမ်းများ မဆိုးတော့ပါကြောင်း၊ မိုင်းတုံမြို့နယ်နှင့် မိုင်းပန်မြို့နယ် နယ်နိမိတ်ထိစပ်သည့် သံလွင်မြစ်အား ယခင်က စက်တပ် ဇက်ဖောင်ကြီးများဖြင့် ဖြတ်သန်းခဲ့ရသော်လည်း ၁၉၉၈ ခုနှစ်တွင် သံမဏိသံပေါင် မြစ်ကူးတံတားအား တည်ဆောက်ပေးခဲ့သဖြင့် မိုင်းပန်ဘက်အခြမ်းကြိုးတံတားထိပ်တွင် အမှတ်(၂၉၄) တပ်ရင်းအား ကားလမ်း၏ဘေးဘယ်ညာခွ၍ တည်ဆောက်ထားခဲ့ပါကြောင်း၊ မိုင်းတုံမြို့နှင့် မိုင်းပန်၊ လင်းခေး၊ နမ့်စန်၊ တောင်ကြီး ၂၂၃ မိုင်ခရီးကို နေ့ချင်းပေါက် မောင်းနိုင်သော်လည်း တောင်ကြီးမှ မိုင်းတုံ သို့အပြန်ခရီးတွင် တပ်ရင်းဂိတ်မှ နံနက် ၆ နာရီမှ ည ၆ နာရီအတွင်းသာ ဖြတ်သန်း သွားလာ ခွင့်ပြုထားပါသဖြင့် မိုင်းတုံသို့ နေ့ချင်း မရောက်ပါကြောင်း၊ အမှတ်(၂၉၄)တပ်ရင်းဂိတ်အား ဖြတ်သန်း ခွင့်မရပါသဖြင့် ကြိုးတံတားဂိတ်နှင့် သံလွင်မြစ်သို့ မရောက်ပါကြောင်း၊ သံလွင်မြစ် အားဖြတ်ကူးနိုင်ရန် တပ်ရင်းဂိတ်၊ ကြိုးတံတားဂိတ်၊ စုပေါင်းဂိတ်၊ တံတားနှစ်ဖက်ထိပ်ဂိတ်များ သို့အဆင့်ဆင့်သတင်း ပို့နေရပါကြောင်း၊ နေ့ချင်းပေါက်သွားလာနိုင်သော ခရီးအား တစ်ညအိပ်သွားနေကြရသည့်အတွက် အချိန်ကုန်၊ ငွေကုန်၊ ခရီးသွားများ စိတ်အနှောင့်အယှက်ဖြစ် နေရသဖြင့် အချိန်ကြန့်ကြာမှုမရှိဘဲ အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် သံလွင်မြစ်ကူးကြိုးတံတားဂိတ် နှင့် အမှတ်(၂၉၄) တပ်ရင်း ဂိတ်များအား နံနက် ၆ နာရီ ည ၆ နာရီ အစား ည၈ နာရီအထိ ဖြတ်သန်းသွားလာခွင့်ပြုနိုင်ခြင်းရှိ/မရှိ ကိုသိလိုပါကြောင်းမေးမြန်းပါသည်။