(င)-ပြည်တွင်းအိမ်အကူအမျိုးသမီးလုပ်သားများနှင့် ပြည်ပရောက်အိမ်အကူအမျိုးသမီးလုပ်သားများ၏အ ခွင့်အရေးများကိုကာကွယ်ပေးရေးနှင့်ကုစားပေးရေး အစီအစဉ်များ ရေဆွဲထားခြင်းရှိ/မရှိ သိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း
မေးခွန်း အကြောင်းအရာ
မြန်မာနိုင်ငံတစ်ဝန်း မြို့ကြီးမြို့ငယ်များတွင် စီးပွားရေး၊ လူမှုရေးလိုအပ်ချက်များအရအိမ်အကူများ၊ တခြားပြည်နေရသည့်အိမ်ထောင်စုများရှိပါကြောင်း၊ စီးပွားရေးငွေရေးကြေးရေးချမ်းသာ၍ အိမ်အကူထားရတာရှိသလိုအိမ်ရှင်မတွေမအားမလပ် မနိုင်မနင်း၍ အိမ်အကူထားရသည် များလည်းရှိပါကြောင်း၊ ၎င်းအိမ်အကူမိန်းကလေးများသည် ဆင်းရဲသည့် မိသားစုများမှ ပေါက်ဖွားလာကြသည့်သူများပါကြောင်း၊ လူသားချင်းစာနာမှု မရှိသည့် အိမ်ရှင်များကမိမိတို့၏ အိမ်အကူများကို နှိပ်စက်ခိုင်းစေမှုများကိုမကြာမကြာ ကြားသိနေရပါကြောင်း၊လွန်ခဲ့သည့်နှစ်ကရန်ကုန်မြို့၊ အင်းဝအပ်ချုပ်ဆိုင်မှအိမ်အကူမိန်းကလေးကို နှိပ်စက်ခဲ့သည့်ကိစ္စဆိုရင် လွှတ်တော်တွင်အရေးကြီးအဆိုတင်ခဲ့ရသည့်အထိ ဖြစ်ခဲ့ဖူးပါကြောင်း၊မကြာသေးမီကလည်းမရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းမှအိမ်အကူကိုသွားခြောက်ချောင်းကျိုးအောင် အိမ်အကူချင်း ရိုက်ခိုင်းခဲ့ခြင်းဖြစ်ပါကြောင်း၊ ၃.၁. ၂၀၁၇ ရက်နေ့တွင်မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်နယ်မြေရဲစခန်းတွင်အမှုဖွင့်အရေးယူခဲ့ပါကြောင်း၊စင်ကာပူရောက် မြန်မာအိမ်အကူမိန်းကလေးငယ်တစ်ဦးသည် ၁၉ ထပ်အမြင့်ရှိသည့် တိုက်ပေါ်မှ ခုန်ချပြီးကိုယ့်ကိုယ်ကိုယ်သတ်သေသွားခဲ့ပါကြောင်း၊ ၎င်းအပြင် စင်ကာပူတွင် နှစ်ထပ်တိုက်ပေါ်မှခုန်ချ ထွက်ပြေးသွားခဲသည့် မိန်းကလေးကိုလည်းလူမှုအဖွဲ့အစည်းမှဆေးဝါးကုသပြီး မြန်မာနိုင်ငံကို ပြန်ပို့ခဲ့ရပါကြောင်း၊၂၀၁၄ ခုနှစ်ကစတင်ပြီး မြန်မာနိုင်ငံအစိုးရသည်အိမ်အကူမိန်းကလေးများကို နိုင်ငံခြားသို့စေလွှတ်မှု ရပ်ဆိုင်းခဲ့၊ပိတ်ပင်ခဲ့သော်လည်းတရားမဝင်သည့်နည်းဖြင့် သွားနေသည်ကိုရှိလာရပါကြောင်း၊ တရားမဝင်သွားရသည့်အတွက်တရားဝင်ရသည့်အခွင့်အရေးများဆုံးရှုံးနေပါကြောင်း၊
အစိုးရ၏ တရားဝင်ထုတ်ပြန်ထားသည့်စာရင်းများအရစင်ကာပူတွင် မြန်မာအိမ်အကူ ၁၃၀ သာရှိသည်ဟုဆိုသော်လည်း၄၀၀၀၀ ကျော်လောက်ရှိသည်ဟုမိမိတို့ကြားသိရပါကြောင်း၊ ထိုင်းနိုင်ငံတွင် မြန်မာအိမ်အကူတစ်သိန်းကျော်ရှိပါကြောင်း၊ ၎င်းအကြောင်းများကြောင့် ပြည်တွင်းအိမ်အကူနှင့် ပြည်ပရောက် အိမ်အကူများကိုအကာအကွယ်ပေးရန် အစီအမံတွေလိုအပ်နေသည်မှာထင်ရှားနေပါကြောင်း၊ အထူးသဖြင့် ပြည်ပရောက်အိမ်အကူများကိုအကာအကွယ်ပေးရန်လိုအပ် ပါကြောင်း၊ ပြည်ပသွားသည့်အိမ်အကူများကိုပိတ်ပင်မည်၊ဖွင့်ပေးမည် ကိုတိကျသည့် မူဝါဒချမှတ် ပေးရန်လိုအပ်နေပြီဖြစ်ပါကြောင်း၊အိမ်အကူလေးများရရှိလာသည့်ဝင်ငွေသည်မိမိတို့တိုင်းပြည်၏ ဝင်ငွေများတွင်တစ်စိတ်တစ်ပိုင်းပါနေပြီဆိုသည်ကိုသတိထားစေချင်ပါကြောင်း၊ ပိတ်မည်ဆိုပါကလုံအောင်ပိတ်ပေးပါရန်နှင့်၎င်းအိမ်အကူများကို အကာအကွယ်ပေးနိုင်ရန်သက်ဆိုင်ရာဝန်ကြီးဌာနအနေဖြင့် မည်ကဲ့သို့စီစဉ်ထားသည်ကိုသိလိုပါကြောင်းမေးမြန်းပါသည်။