(ခ)-ငလျင်ကြောင့်ပြိုကျပျက်စီးသွားသောသမိုင်းဝင် ပုဂံဘုရားစေတီပုထိုးများကို ပြုပြင်ရေးနှင့်ပတ်သက် ၍ မည်သို့စီမံထားသည်ကို သိလိုခြင်းနှင့်စပ်လျဉ်း သည့်မေးခွန်း

2021-01-03

ဦးမင်းသိန်း (တောင်တွင်းကြီး)ပြိုကျပျက်စီးခဲ့သော စေတီပုထိုးများကိုပြင်ဆင်သည့်နေရာတွင်  အလျင်စလိုမလုပ်ရန် နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကလည်း ပြောကြားလမ်းညွှန်ခဲ့ပြီးဖြစ်ပါကြောင်း၊ ရှေးဟောင်း ပစ္စည်း၊ ရှေးဟောင်း လက်ရာများသည် ရှေးဟောင်း တန်ဖိုးရှိပါကြောင်း၊ မြန်မာနိုင်ငံတွင် ရှေးဟောင်း တန်ဖိုးရှိသော ဘုရားစေတီ၊ အဆောက်အအုံနှင့် လက်ရာများ အများအပြားရှိပြီး ပုဂံ ဘုရား၊ စေတီ၊ ပုထိုးများ အမြောက်အများပါဝင်ပါကြောင်း၊

လွန်ခဲ့သည့် နိုဝင်ဘာလ ၁၆ ရက်နေ့ထုတ် The Voice သတင်းစာ၏ စာမျက်နှာနံပါတ် ၂ တွင် ထီးလိုမင်းလိုဘုရားကို ပြုပြင်ရန် ပရဟိတအသင်းတစ်သင်းက ဘုရားတွင် ဗွီနိုင်းပိုစတာ ချိတ် ဆွဲခဲ့သည့်သတင်းနှင့် ထိုသို့ ပြုပြင်ဖို့ခွင့်ပေးခဲ့သော ဂေါပက အဖွဲ့ကို ရှေးဟောင်း သုတေ သနဌာနက သတိပေးတားဆီးခဲ့ရသည့် သတင်းကိုလည်း ဖတ်ရှုခဲ့ရပါကြောင်း၊

မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော ငလျင်များကို သမိုင်းမှတ်တမ်းပြန်ကြည့်ရာ ၁၉၂၉၊ ၁၉၃၁ အတွင်း ငလျင်များ မကြာမကြာ လှုပ်ခတ်ခဲ့ကြောင်း၊မကြာသေးမီက ၂၀၁၁-၂၀၁၂ တာချီလိတ် တာလေငလျင်၊ သပိတ်ကျင်းငလျင် များလုပ်ခတ်ခဲ့ကြောင်း၊ ၁၉၇၅ ခုနှစ်တုန်းကလည်း ပုဂံမှာ ငလျင်အကြီးအကျယ်လှုပ်ခတ်ခဲ့ပြီး ၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၂၄ ရက်နေ့တွင် လှုပ်ခတ်ခဲ့နှင့် ငလျင်နှင့် သက်ဆိုင်မှုရှိကြောင်းကို ငလျင်ပညာရှင်များ၏ စာတမ်းများကို ဖတ်ရှုရပါကြောင်း၊ မြန်မာနိုင်ငံတွင် ငလျင်များလှုပ်ခတ်သည့် သက်တမ်းသည် တစ်ခုနှင့်တစ်ခု နီးကပ်လာကြောင်း၊ အင်အားပြင်းငလျင်များ မကြာမကြာနှစ် ၄၀ အတွင်း ပြန်ဖြစ်ပေါ်တတ်ကြောင်းကို သိရှိနေရပါပြီဖြစ်ပါကြောင်း၊

ထို့ကြောင့် ပုဂံမြို့မှာ ပြိုကျပျက်စီးသွားခဲ့တဲ့ သမိုင်းဝင် ဘုရား၊ စေတီ၊ ပုထိုးများကို ရေရှည်တည်တံ့ ခိုင်မြဲအောင် ပြုပြင်တဲ့နေရာမှာ သမိုင်းတန်ဖိုးလည်း မပျက်စီးရအောင်၊ သမိုင်းတရားခံလည်း မဖြစ်ကြ ရအောင်၊ သမိုင်းကျန်မယ့်၊ သမိုင်းတင်မယ့်အစီအစဉ်များကို ပြည်ထောင်စုအစိုးရ မည်ကဲ့သို့ ပြုလုပ် စီမံထားပါသည်ဆိုသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။