(င)-ပြည်ထောင်စုအစိုးရအဖွဲ့သို့ ပေးသွင်းရန် ကျန်ရှိသော ရွှေတူးဖော်ရေး လုပ်ငန်းရှင်များနှင့် ကုမ္ပဏီတို့အား တိကျသော အရေးယူမှုများ ဆောင်ရွက်သွားရန်နှင့် ကြွေးကျန်များ ကျန်ရှိမှု မရှိအောင် ကောက်ခံသွားရန် အစီအစဉ် ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း
ပြည်ထောင်စုအစိုးရမှ သတ္တုသယံဇာတများ ထုတ်ယူသုံးစွဲရာတွင် နိုင်ငံ့အကျိုးစီးပွားကို အထောက်အကူပြု စေရန်နှင့်စီမံခန့်ခွဲနိုင်ရန်အတွက်လည်း ထုတ်လုပ်သူများမှလည်း ချမှတ်သည့်မူဝါဒ၊ ဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများကို လိုက်နာဆောင်ရွက်စေရန်အတွက်လည်းကောင်း နောက်တစ်ခါ ပြည်ထောင်စုအစိုးရတွင် လိုငွေပြနေသည့် ဘဏ္ဍာရေးအခန်းကဏ္ဍကို တစ်စိတ်တစ်ဒေသ အကျိုးပြုနိုင်ရန် အတွက်လည်း ရည်ရွယ်ပါကြောင်း၊ ၂၀၁၅-၁၆၊ (၉/၂၀၁၇) အစီရင်ခံစာတွင် သတ္တုတွင်းဝန်ကြီးဌာန၊ အမှတ် (၂) သတ္တုတွင်းလုပ်ငန်းမှ ထုတ်ယူသုံးစွဲခံစားသည့် စနစ်ဖြင့် လုပ်ငန်းရှင်များမှ နိုင်ငံတော်မှ ရရှိရန် အကြွေးကျန်သည့် ရွှေစင်ကျပ်သား ၁၀၇၅၆၀.၉ ကျပ်သားအထိ ကျန်ရှိနေသည်ကိုလည်း အစီရင်ခံစာများ ဖော်ပြထားသည်ကို တွေ့ရှိရပါကြောင်း၊ နောက်တစ်ခါ အစိုးရအဖွဲ့အစည်းတို့မှ ရရန်ကျန်ရှိသည့် ငွေကျပ်အနေဖြင့် ၇၉၀.၅၃၂ သန်းအထိ ကျန်ရှိနေသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံတွင် လိုငွေပြနေသည်မှာ ဆေးဝါးများဖြစ်ပါကြောင်း၊ ဆေးဝါးပစ္စည်းများကို လျာထားချက်အတိုင်း ၂၀၁၆-၁၇ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ အစီရင်ခံစာတွင် ဝန်ကြီးမှပြောကြားသွားခြင်းဖြစ်ပါကြောင်း၊ နောက်တစ်ချက် ဆောက်လုပ်ရေးပိုင်းအနေဖြင့် နိုင်ငံတိုးတက်နိုင်ရန်အတွက် ASEAN Level Infrastructure များကို တည်ဆောက်မည်ဆိုလျှင် အနည်းဆုံး US ဒေါ်လာ ဘီလီယံ ၆၀ လိုအပ်လျက်ပါကြောင်း၊ ယခုလို ကျန်ရှိနေသည့် အကြွေးများကို စနစ်တကျကောက်ယူပြီးမှ သုံးစွဲမည်ဆိုလျှင် နိုင်ငံအတွက် လိုငွေပြနေသည့် ဘတ်ဂျက်ကိုလည်း အကျိုးပြုမည် ဖြစ်ပါကြောင်း၊ ထို့နောက် သတ္တုတွင်းဝန်ကြီးဌာနမှ ကျန်ရှိနေသည့် အကြွေးများကို မူဝါဒ (၄) ရပ်နှင့် ချမှတ်ပြီးမှ တောင်းယူရမည်ကို လေ့လာတွေ့ရှိရပါကြောင်း၊ ထို့ကြောင့် အကြွေးကျန်များကိုလည်း သက်ဆိုင်သည့် အစိုးရအဖွဲ့၏ ထောက်ခံချက်ဖြင့် အကြွေးစာရင်းမှ ပယ်ဖျက်ရမည်ဟု ပါရှိရပါကြောင်း၊ ၎င်းတို့အထဲတွင် ဒီမိုကရေစီစံနှုန်းအရ လွှတ်တော်၏ အခန်းကဏ္ဍ၊ လွှတ်တော်ကိုယ်စားလှယ်၏ အခန်းကဏ္ဍမပါရှိသည့် ဒီမိုကရေစီစံချိန်စံညွှန်းနှင့် မညီသည့် မူဝါဒ (၄) ရပ် ကိုလည်း ပြန်လည်ဆန်းစစ်သင့်ပါကြောင်း၊ သို့ဖြစ်ပါသောကြောင့် ပြည်ထောင်စုအစိုးရအဖွဲ့သို့ ပေးသွင်းရန် ကျန်ရှိသည့် ရွှေတူးဖော်ရေးလုပ်ငန်းရှင်များနှင့် ကုမ္ပဏီတို့အား တိကျသောအရေးယူမှုများ ဆောင်ရွက်သွားရန်နှင့် ကြွေးကျန်များ ကျန်ရှိမှုမရှိအောင် ကောက်ခံသွားရန် အစီအစဉ်အစီရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။