(ဃ)-ပေါင်မြို့နယ်၊ဥတ္တံတား ကျေးရွာရှိ long life Aggregate Mining Co.ltd သည်ဒေသခံပြည် သူများ၏ အသက်၊ အိုးအိမ် လုပ်ငန်းများ ထိခိုက် နေသောကြောင့် ဖျက်သိမ်းပေးနိုင်ခြင်း ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း
မိမိတို့ပေါင်မြို့နယ်တွင် လမ်းခင်းကျောက်ထုတ်လုပ်သော ကျောက်မိုင်းပေါင်း ၂၈ မိုင်း ခွင့်ပြုထားသည့်အနက် နှစ်ရှည်စီမံကိန်းအနေဖြင့် အနှစ် ၃၀ ထုတ်လုပ်ခွင့်ပြုထားသည့် ကျောက်မိုင်းလေးမိုင်းရှိပြီး ကျန်ကျောက်မိုင်းကို တစ်နှစ်တစ်ခါ မိမိတို့လုပ်ပိုင်ခွင့်ပြုထားပါ ကြောင်း၊ အချို့သည် လူနေအိမ်များနှင့်ဝေးကွာနေသော်လည်း အချို့က ကျေးရွာအနီး အနားတွင် တည်ရှိပါကြောင်း၊ ဥတ္တံတား ကျေးရွာအနီးရှိ အပေါ်ဘက် ပေ ၃၀၀၀ အမြင့်တွင် အလွန်မတ်စောက်ပြီး ဘေးနှစ်ဖက်တွင် တောင်ကျချောင်းနှစ်ခု တည်ရှိနေပါကြောင်း၊ ယခင် အစိုးရလက်ထက်တွင် အများပြည်သူကန့်ကွက်သည့်ကြားက Long Life Aggregate Mining Co.,Ltd ကို ကျောက်မိုင်းထုတ်လုပ်ရန်အတွက် မြေဧက ၂၂၅ ဧက အကျယ်အဝန်းကို ပေးထားပါကြောင်း၊ အောက်ခြေတွင် လူနေအိမ်ခြေ ၁၃၀၀ နေထိုင်နေပါကြောင်း၊ ကျောက်မိုင်း ထုတ်လုပ်ခြင်းကြောင့် ကျေးရွာပတ်ဝန်းကျင်များဆိုးရွားစွာပျက်စီးလာပြီး ရေအရင်းအမြစ်များ လည်း ပျောက်ဆုံးသည့်အတွက် ကျေးရွာပြည်သူများမှာ သောက်သုံးရေအခက်အခဲများ ဖြစ်ခဲ့ ရပါကြောင်း၊ ဥယျာဉ်ခြံနှင့်လယ်ယာများတွင်လည်း သဲနုန်းများဖုံးလွှမ်းသည့်အတွက် စိုက်ပျိုး မရပါကြောင်း၊ လယ်ပျက်၊ ခြံပျက်ဘဝနှင့် ကြုံတွေ့နေရပါကြောင်း၊ နွေရာသီတွင် ရေအရင်း အမြစ်များ ပျောက်ဆုံးသည့်အတွက်ကြောင့် စမ်းချောင်းရေများခန်းခြောက်ပြီး ရေအခက်အခဲများ ကြုံတွေ့နေရပါကြောင်း၊ မိုးရာသီရောက်သည့်အခါ သဲနုန်းများ အနည်ထိုင်ကျရောက်သည့် အတွက် ချောင်းမြောင်းများကောပြီး ရေကြီးရေလျှံခြင်းနှင့် ကြုံတွေ့နေရပါကြောင်း၊ ကျောက်မိုင်း များမှရရှိသော အခွန်အခသည် ၂၀၁၆-၁၇ အတွက် မိုင်းများအားလုံး ၁၆ မိုင်းအတွက် သိန်း ၈၀၀ ကျော် မိမိတို့ရရှိပါကြောင်း၊ ၎င်း Long Life Aggregate Mining Co.,Ltd က ကြိုတင်ငွေ ၂၅ သိန်းသာ ပေးသွင်းထားပါကြောင်း၊ ဝင်ငွေခွန်မရှိသေးပါကြောင်း၊
၎င်းတောင်ထိပ်က ကျောက်မိုင်းထုတ်လုပ်နေသည့်အတွက် တောင်အောက်ခြေကျေးရွာ များတွင် ကျောက်မိုင်းဖောက်ခွဲသည့်အခါ မိုင်းများသည် နှစ်မိုင်ပတ်ဝန်းကျင်ရှိ ပြည်သူများသည် တုန်ခါသည့်အသံကြောင့် ထိတ်လန့်စွာနေထိုင်ရပါကြောင်း၊ မသမာသူအဖျက်သမားများလက်ထဲ သို့ ထိုသိုလှောင်ထားသော ခဲယမ်းပစ္စည်းများရောက်ရှိခဲ့ပါက မလိုလားအပ်သောဆိုးကျိုးများ ဥပမာ- တောင်ပြိုခြင်း၊ မြေပြိုခြင်းတို့ ဖြစ်ပေါ်မည်ကို ပြည်သူများအနေဖြင့် စိုးရိမ်နေရပါကြောင်း၊ ပစ်ရမည့် ယမ်းများအသုံးပြုဖောက်ခွဲသည့်အတွက် ဂေဟစနစ်များလည်းပျက်စီးပြီး သဘာဝ ပတ်ဝန်းကျင်များ ဆိုးရွားစွာထိခိုက်မှုများ ဖြစ်ပေါ်နေပါကြောင်း၊
နိုင်ငံတော်အတွက် အခွန်အခအနည်းငယ်သာရရှိပြီး ပေးဆပ်ရသော ပြည်သူလူထု၏ ထိခိုက်နစ်နာမှုကို ပြန်လည်သုံးသပ်ရန် လိုအပ်ပါကြောင်း၊ ဒေသခံပြည်သူများမကျေနပ်သည့် အတွက် သုံးကြိမ်တိုင်အောင် ဆန္ဒပြမှုအပေါ် အလေးထားမှုမရှိခဲ့ပါကြောင်း၊ ကန့်ကွက်ဆန္ဒပြသော ပြည်သူတစ်ယောက်ကို ထောင်သုံးနှစ်ချလိုက်သေးပါကြောင်း၊ ထို့ကြောင့် လုပ်ခွင့်လိုင်စင်ကို ဆက်လက်ခွင့်ပြုနေခြင်းသည် ဥပဒေနှင့်ညီညွတ်မှုရှိ/မရှိ စိစစ်ပေးရန်နှင့် ပြည်သူများ မလိုလားအပ်သော ကျောက်မိုင်းထုတ်လုပ်နေမှုကို ဖျက်သိမ်းပေးနိုင်ခြင်း အစီအစဉ်ရှိ/မရှိ၊ ရှိမည်ဆိုပါက မည်သည့်အချိန်တွင် ပြုလုပ်ပေးမည်၊ မရှိပါက အဘယ့်ကြောင့်ဆိုသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။