(ဆ)-မိုပိုင်းလွတ်- ဆွမ္မရာလမ်း မြေသားလမ်း ၆၈ မိုင်၊ ကျောက်လမ်း ၂၀ မိုင်နှင့် ကတ္တရာလမ်း ၁၀ မိုင်တို့အား ၂၀၁၃-၁၄ ဘတ်ဂျက်ဖြင့်ဆောင်ရွက်ခဲ့ ရာ အဘယ်ကြောင့် ယနေ့အထိ လုပ်ငန်းပြီးစီးမှု မရှိသည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း

2021-01-03

ဦးကျော်ဌေးနာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့နယ်အတွင်းရှိ မိုဝိုင်းလွတ်-ဆမ္မရာလမ်းပိုင်းသည် ၂၀၁၃-၁၄ ဘဏ္ဍာနှစ်ကတည်းက နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးဦးစီးဌာန ဘတ်ဂျက်ဖြင့် ခွင့်ပြုငွေ ၁၂၅၈ သန်း ဂရိတ်ထိန်ညှိကာ်မတီမှ တာဝန်ယူ ဆောင်ရွက်ခဲ့သော်လည်း ယနေ့အထိ လုပ်ငန်းပြီးစီးမှု မရှိသေးသည်ကို တွေ့ရှိရပါကြောင်း၊ တစ်ပိုင်းတစ်စ ဆောင်ရွက်ထားသည့် လုပ်ငန်းပိုင်းမှာလည်း စနစ်တကျဆောင်ရွက်မှုမရှိသည့်အတွက် တစ်ချောင်း ထိုး မြေသားလမ်းဆိုသော်လည်း မော်တော်ဆိုင်ကယ်ပင် သွားလာ၍ မရပါကြောင်း၊

ထို့ကြောင့် ယင်းလမ်းပိုင်းကို အဓိကမှီခိုနေရသော လေရှီးမြို့နယ်၏ လူဦးရေ အထူထပ်ဆုံးဖြစ်သော အနောက်ဘက်ခြမ်း တစ်ခြမ်းလုံးသည် ကျေးရွာပြည်သူများအားလုံး သွားလာရေး ခက်ခဲနေပါကြောင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ဆောင်ရွက်နေသော လုပ်ငန်းများနှင့် ပတ်သက်ပြီး ဌာန၏ စာရင်းဇယားအပေါ်၌ ပြီးစီးမှုရာနှုန်းပြည့် တော်တော်များများ ဖော်ပြထားသည်များကို တွေ့ရှိရပါကြောင်း၊ သို့သော် အမှန်တကယ်မြေပြင်တွင် လုပ်ငန်းများသည် ယခုကဲ့သို့ တစ်ပိုင်းတစ်စ ပစ်ထားသည်များ များစွာ ရှိနေသည့်အတွက် ဝန်ကြီးဌာနအနေဖြင့် သေချာစစ်ဆေးရန် လိုအပ်နေသကဲ့သို့ အမှန်တကယ် ဆောင်ရွက်မှုမရှိသော လုပ်ငန်းစဉ်များကိုလည်း ထိထိရောက်ရောက် အရေးယူဆောင်ရွက်ရန် လိုအပ်နေပါကြောင်း၊ အရေးယူမှုမရှိပါက လုပ်ငန်းရှင်များအနေဖြင့် ဆက်လက်၍ လုပ်ငန်းများအပေါ် အလေးထားမှု အားနည်းနေဦးမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိုပိုင်းလွတ်-ဆွမ္မရာလမ်း မြေသားလမ်း ၆၈ မိုင်၊ ကျောက်လမ်း ၂၀ မိုင်နှင့် ကတ္တရာလမ်း ၁၀ မိုင်တို့အား ၂၀၁၃-၂၀၁၄ ဘတ်ဂျက်ဖြင့် ဆောင်ရွက်ခဲ့ရာ မည်သည့် အတွက်ကြောင့် ယနေ့အထိ လုပ်ငန်းပြီးစီးမှု မရှိသည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။