(ခ)-မဒမချောင်းအတွင်းတည်ဆောက်ထားသည့်ရေ ယာဉ်ကြီးများသည်မည်သည့်ဌာနကမည်သည့် ခွင့်ပြုချက်ခွင့်ပြုထားသနည်း၊ခွင့်ပြုချက်မရရှိသေးမီ စက်ယန္တရားကြီးများတပ်ဆင်တည်ဆောက်ခွင့်အပေါ် မည်သို့အရေးယူမည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း

2021-01-03

ဦးစောသလေးစော (ရွှေကျင်)ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်သည် ရွှေသတ္တုများနေရာအနှံ့ထွက်ရှိရာဒေသ ဖြစ်ပါကြောင်း၊ ထိုသို့ ထွက်ရှိသည့်အလျောက် ရွှေကျင်ချောင်းနှင့် မဒမချောင်းတစ်လျှောက် ရွှေတူးဖော်မှုများကြောင့် သဘာဝပတ်ဝန်းကျင်လည်း များစွာထိခိုက်မှုရှိသည့်အတွက် မူလ သဘာဝအခြေအနေသို့ ပြန်လည်ထိန်းသိမ်းရေး၊ ပြန်လည်ကြပ်မတ်သင့်သည့်အခြေအနေ ဖြစ်ပါကြောင်း၊ ဒေသခံရွှေတူးဖော်သူများအနေဖြင့်လည်း စည်းကမ်းတကျ စံချိန်စံညွှန်း များနှင့်အညီ ပူးပေါင်းလုပ်ဆောင်ရန် စိတ်အားထက်သန်ကြပါကြောင်း၊ မိမိတို့ နည်းဥပဒေအသစ် ထွက်ရှိရန်အတွက်ကိုလည်း မျှော်လင့်နေကြပါကြောင်း၊ ယခုအခါ မဒမချောင်းအတွင်း အကြီးစားစက်ယန္တရားကြီးများ တည်ဆောက်ထားသော သံထည်သင်္ဘောကြီးများ တည်ဆောက် ထားလျက် ရှိပါကြောင်း၊ ယင်းသင်္ဘောကြီးများသည် အခြားဒေသမှ သယ်ဆောင်လာခြင်း မဟုတ်ဘဲ မဒမချောင်းအတွင်းမှာပင် တည်ဆောက်ထားပါကြောင်း၊ စတင်တည်ဆောက်စဉ် ကတည်းက မည်သည့်ဌာန၊ မည်သည်‌့ ခွင့်ပြုချက်အမျိုးအစားဖြင့် ဆောက်လုပ်ကြောင်းကို သက်ဆိုင်ရာအဆင့်ဆင့်ကို မေးမြန်းသော်လည်း ရေရာစွာဖြေကြားခြင်းမရှိပါကြောင်း၊ ဒေသခံများ အနေဖြင့် စတင်ဆောက်လုပ်ချိန်တွင် ပွင့်လင်းမြင်သာစွာသိရှိခြင်း မရှိသည့်အတွက် သဘာဝ ပတ်ဝန်းကျင်ပျက်စီးမည့်အရေး ပူပန်ခြင်းများ ဖြစ်ပေါ်သည့်အတွက် သက်ဆိုင်ရာဌာနအသီးသီးကို မေးမြန်းသည်ကို မည်သည်မျှ ဖြေကြားခြင်းမရှိသေးမီ ပိုမို၍ထုထည်ကြီးမားသော သံထည် သင်္ဘောကြီးများ ထပ်မံတည်ဆောက်လာကြောင်းကို တွေ့မြင်ခဲ့ရသည့်ကိစ္စနှင့်ပတ်သက်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနများ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနများကို တင်ပြခဲ့သော် လည်း မည်သည်‌့အရေးယူမှုတစ်စုံတစ်ရာကိုမျှ အကြောင်းပြန်ကြားခြင်း မရှိသည့်အတွက် အကြောင်းစုံ သေသေချာချာမသိရပါကြောင်း၊

ရွှေကျင်မြို့နယ်၊ မဒမချောင်းအတွင်း တည်ဆောက်ထားသော စက်ယန္တရားကြီးများ တပ်ဆင်ဆောက်လုပ်သည်‌့ ရေယာဉ်ကြီးများအား မည်သည်‌့ဌာနက မည်သည့်ခွင့်ပြုချက် အမျိုးအစားဖြင့် ဆောက်လုပ်ထားပါသနည်း၊ ခွင့်ပြုချက် တစ်စုံတစ်ရာမရရှိသေးပါက ယခုကဲ့သို့ ထုထည်ကြီးမားသော စက်ယန္တရားကြီးများကို ခွင်‌့ပြုချက်မရသေးမီ တည်ဆောက်ခွင့်ရှိပါသနည်း၊ ဆောက်လုပ်ခွင့်မရှိပါက ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်မှုအပေါ် မည်သို့အရေးယူဆောင်ရွက်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။