(ဂ)-အင်ကြင်းကျောက် တူးဖော်တင်ပို့ရောင်း ချနေခြင်းများကို နိုင်ငံတော်နှင့် ဒေသခံများအကျိုး အမြတ် ဖြစ်ထွန်းစေရေးအတွက် မည်ကဲ့သို့သော မူဝါဒများချမှတ်မည်နှင့်ဈးကွက်ဖော်ဆောင်ပေးခြင်း များ ပြုလုပ်ပေးမည်ကိုသိလိုခြင်းနှင့်စပ်လျဉ်း သည့်မေးခွန်း

2021-01-03

ဦးနိုင်ထူးအောင် (နွားထိုးကြီး)အင်ကြင်းကျောက်သည်သစ်ပင်များမှ နှစ်သန်းပေါင်းများစွာကြာမြင့်သည့်အခါ ကျောက်အဖြစ် ပြောင်းလဲသွားသည့် ရှားပါးသော ရုပ်ကြွင်းကျောက်တစ်မျိုးဖြစ်ပါကြောင်း၊ ယင်းကျောက်များ၏ အတွင်းသားသည် လှပသည့်အရောင်အသွေးများရှိတတ်ပါကြောင်း၊ ယခုလို ကျောက်မျိုးများကို အလှဆင်ရန်အတွက် လည်းကောင်း၊ လက်ဝတ်တန်ဆာအဖြစ်လည်းကောင်း အသုံးပြုကြပြီး ၎င်း၏ တန်ဖိုးမှလည်းကြီးမားပါကြောင်း၊ မိမိ၏မဲဆန္ဒနယ်တွင် ယခင်ကတည်းက အင်ကြင်းကျောက်များ စွာရှိသော်လည်း တန်ဖိုးကိုနားမလည်သည့်အတွက် တူးဖော်ရောင်းချခြင်း၊ အသုံးပြုခြင်းများမရှိခဲ့ ပါကြောင်း၊ ၂၀၀၀ ပြည့်နှစ်ဝန်းကျင်တွင် တရုတ်ပြည်မှ ဝယ်ယူမှုများရှိလာသဖြင့် တူးဖော် ရောင်းချမှုများ စတင်လာခဲ့ပါကြောင်း၊ယခုလိုတူးဖော်ရောင်းချမှုများရှိလာသော်လည်း နိုင်ငံတော်မှ မူဝါဒ ချမှတ်ပေးခဲ့ခြင်း မရှိခဲ့ပါကြောင်း၊ အင်ကြင်းကျောက်ကို တူးဖော်တင်ပို့ ရောင်းချခဲ့ခြင်းရာတွင် အကျင့်ပျက်ဝန်ထမ်းများနှင်‌့ပေါင်းပြီး လိုင်းကြေးများပေးပြီး တရားမဝင်ပြုလုပ်ခဲ့ခြင်းများဖြစ်ပါကြောင်း၊ နိုင်ငံတော်အတွက် အခွန်ငွေတစ်ပြားတစ်ချပ်မှမရပါဘဲ တန်ဖိုးကြီးသည့်နိုင်ငံ၏ သယံဇာတများသည် တစ်ဖက်နိုင်ငသို့ ဈေးပေါပေါဖြင့်ရောက်ရှိသွားခဲ့ပါကြောင်း၊ ၂၀၁၂ ခုနှစ်ခန့်ကစပြီး အင်ကြင်းကျောက် ကို အမှတ်(၃) သတ္တုတွင်းလုပ်ငန်း၊ အနောက်ပိုင်း အမှတ်(၁)သတ္တုတွင်းလုပ်ငန်း၏ စီမံခန့်ခွဲမှု အောက်သို့ ထည့်သွင်းခဲ့ပြီး ဓာတ်သတ္တုကို သုံးရာခိုင်နှုန်း၊ ထုတ်လုပ်မှုပုံအချိုး ၈.၂၅ ရာခိုင်နှုန်းနှင့် တွင်းဝဝင် သုံးရာခိုင်နှုန်းကို ပေးဆောင်စေပြီး တင်ပို့ရောင်း ချခွင့်ကို တရားဝင်ခွင့်ပြု လာခဲ့ပါကြောင်း၊သို့သော် ၎င်းမူဝါဒသည် လက်တွေ့အခြေအနေနှင့် မကိုက်ညီမှုများမရှိသည်ကို တွေ့ရပါကြောင်း၊ ပထမတစ်ခုမှ ကျောက်အတန်း အစားခွဲခြားမှုဖြစ်ပါကြောင်း၊ အင်ကြင်းကျောက်ကို ကျောက်အတန်း အစား A, B, C နှင့် D ဆိုပြီး လေးမျိုးခွဲထားပြီး အခွန်ဆောင်ရန်ဈေးဖြတ်ပါကြောင်း၊ အကောင်းဆုံး A နှင့် အညံ့ဆုံး D မှ ခွဲခြားရန် လွယ်ကူသည့်အတွက် ပြဿနာမရှိသော်လည်း အလယ်အလတ်တန်းစား B နှင့် C မှာအဆင်မပြေပါကြောင်း၊ အင်ကြင်းကျောက်ဆိုသည့် ကျောက်တုံးတစ်တုံးထဲတွင် အရည် အသွေးမှ အပိုင်းလိုက်ကွဲပြားသည့်အပြင် B အဆင့်နှင့် C အဆင့်မှလည်း ခွဲခြားရန် အလွန်ခက်ခဲ ပါကြောင်း၊ ထို့ကြောင့် အမျိုးအစားသတ်မှတ်ချက်ကို သုံးမျိုးဘဲသတ်မှတ်ပါက အဆင်ပြေပါကြောင်း၊ ထို့အပြင် ဈေးနှုန်း စိစစ်ရေးအတွက်လျှောက်ထားပါက တစ်လကြာအောင်စောင့်ရပြီး ဈေးနှုန်းစိစစ်ရေး ကော်မတီမှ ဈေးဖြတ်ပြီး Export လိုင်စင်လျှောက်ထားသည့်အခါတွင်လည်း တစ်လခွဲလောက်အထိ စောင့်ဆိုင်းနေရပါကြောင်း၊ အင်ကြင်းကျောက်သည် တူးဖော်ပြီး ကွင်းပြင်တွင်ဒီအတိုင်းထားသည့် အချိန်ကြာလာပါက အရောင်မှိန်လာပြီး တန်ဖိုးကျတတ်ပါကြောင်း၊ ၎င်းအချိန်ကာလ ကြန့်ကြာမှုများ သည် ချေးငှားပြီးလုပ်ရသည်ဒေသခံအချို့အတွက် များစွာအဆင်မပြေဖြစ်ရပါကြောင်း၊ ထို့ကြောင့် ဈေးနှုန်းစိစစ်ခြင်းနှင့် Export လိုင်စင်ထုတ်ပေးခြင်းများကို လျင်လျင်မြန်မြန် ပြီးစီးအောင်ဆောင်ရွက် သင့်ပါကြောင်း၊ နောက်တစ်ချက်မှ အင်ကြင်းကျောက်ကို တရားဝင် တင်ပို့ ရောင်းချခွင့်ပြုထား သော်လည်း  ဥပဒေနှင့်အညီတူးဖော်ခွင့်ရအောင် မည်သို့လုပ်ရမည်ဆိုသည်ကို တိတိကျကျမသိရ သည့် အတွက် လွယ်ကူစွာလျှောက်ထားနိုင်ရန် မည်သို့ဆောင်ရွက်ရမည်ဆိုသည်ကို သိရှိနိုင် အောင်ရွက် ပေးရန်လိုအပ် နေပါကြောင်း၊  အင်ကြင်းကျောက်သည့် အကန့်အသတ်နှင့်ရှိနေသည့် သဘာဝသယံဇာတများဖြစ်ပါကြောင်း၊ ထို့ကြောင့် အရိုင်းအတိုင်း အများအပြားရောင်းချတာမျိုးကို နည်းနိုင်သလောက်နည်းပြီး Value Added ဖြစ်သည့် အချောထည်အဖြစ် ရောင်းချခြင်းကို အဓိက ဖြစ်အောင်ဆောင်ရွက်သင့်ပါကြောင်း၊သို့မှသာ အချောထည်ပြုလုပ်မယ့်လုပ်ငန်းများတွင် ဒေသခံများ အလုပ်အကိုင်ရလာမှာဖြစ်ပြီး သဘာဝ သယံဇာတများကုန်ဆုံးမှုကိုလည်း လျှော့နည်းစေမည်ဖြစ်ပါ ကြောင်း၊ ထို့ကြောင့် Value Added ဖြစ်လေ အခွန်လျှော့ကောက်လေဆိုသည့် မူများကိုချပေးရန်၊ အချောထည်လက်မှုပစ္စည်းများ ပြုလုပ်နိုင်ရန်အတွက် လိုအပ်သည့် ပံ့ပိုးကူညီမှုများပေးသင့်ပါ ကြောင်း၊အင်ကြင်းကျောက်ကို တရုတ်ပြည်တွင် သွားရောင်းရသဖြင့် ဈေးနှိမ်ပါကြောင်း၊ လေးလံသည့်ကျောက်များကို ပြန်သယ်သွားရန်မလွယ်သဖြင့် ရရာဈေးဖြင့်ရောင်းရသည်များကို မကြာခဏကြုံတွေ့နေရ သဖြင့် အစိုးရအနေဖြင့် နည်းလမ်းရှာ၍ ဆောင်ရွက်ပေးသင့်သလို အင်ကြင်းကျောက်နှင့်ပြုလုပ်ထားသည့် ရုပ်ထု၊ လက်ဝတ်တန်ဆာများကို တရုတ်အပြင် ဗီယက်နန်၊ ဂျပန်၊ ထိုင်ဝမ် ကဲ့သို့နိုင်ငံများမှလည်း နှစ်ခြိုက်စွာ ဝယ်ယူသည့်အတွက် ၎င်းနိုင်ငံများသို့ ရောင်းချနိုင် ရန် ကူညီဆောင်ရွက်ပေးသင့်ပါကြောင်း၊ ကမ္ဘာလှည့်ဧည့်သည်များအနေဖြင့် အင်ကြင်းကျောက်ဖြင့် ပြုလုပ်ထားသည့် ပစ္စည်းများအတွက် Cash Memo ထုတ်မပေးနိုင် သည့်အတွက် လေယာဉ်ကွင်း များတွင်ထားခဲ့ရသည့်အတွက် နောက်ပိုင်းတွင် ဝယ်ယူခြင်းမရှိသဖြင့် ၎င်းကိစ္စကိုလည်းစီစဉ် ဆောင်ရွက်ပေးရန် လိုအပ်လိမ့်မည်ဟုထင်ပါကြောင်း၊ မူဝါဒတစ်ခုကိုချမှတ်သည့်အခါတွင် လက်တွေ့ ကျင့်သုံးရန်၊ နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် အများဆုံးအကျိုးပြုနိုင်ရန်ဆိုသည့် အချက်နှစ်ချက် အပေါ် မူတည်ပြီး စဉ်းစားရမည်ဖြစ်ပါကြောင်း၊ အင်ကြင်းကျောက်နှင့်ပတ်သက်ပြီး ၎င်းနှစ်ချက်နှင့် ကိုက်ညီသည့် မူဝါဒသစ်တစ်ရပ် ချမှတ် ရန်လိုပါကြောင်း၊သို့ဖြစ်ပါ၍ အင်ကြင်းကျောက်တူးဖော် တင်ပို့ရောင်းချနေခြင်းများကို နိုင်ငံတော်နှင့် ဒေသခံပြည်သူများ အကျိုးအမြတ်ဖြစ်ထွန်းစေရေး အတွက် မည်ကဲ့သို့သောမူဝါဒများ ချမှတ်၍ မည်ကဲ့ သို့ဈေးကွက်ဖော်ဆောင်ပေးခြင်းများ ပြုလုပ်ပေး မည် ကိုသိလိုပါကြောင်း မေးမြန်းပါသည်။