(ခ)-တောင်ဥက္ကလာပ မြို့နယ်၊ ၉ ရပ်ကွက်၊ သစ္စာလမ်းနှင့် ဝေဇန္တရာလမ်းထောင့်ရှိအားကစား ပန်းခြံအားမူလအတိုင်းပြန်လည်ခွင့်ပြုပေးပါရန် နှင့် စပ်လျဉ်းသည့် မေးခွန်း

2021-01-03

ဒေါက်တာစောနိုင်( တောင်ဥက္ကလာပ မဲဆန္ဒနယ်)တောင်ဥက္ကလာပမြို့နယ်၊၉ ရပ်ကွက်၊ သစ္စာလမ်းနှင့် ဝေဇယန္တာလမ်း ထောင်‌့ရှိမြေကွက်အား ၁၉၈၅ ခုနှစ် မြို့နယ်စတင်တည်ထောင်စဉ်ကပင် အားကစားပန်းခြံအဖြစ် တည်ရှိခဲ့ပါကြောင်း၊ ၎င်းမြေကွက်ကို ၁၉၉၀ ခုနှစ်ခန့်တွင် အသင်းတစ်ခုကရယူပြီး ဆိုင်ခန်းများ ဆောက်လုပ်ငှားရမ်းခဲ့ပါကြောင်း၊ ၂၀၁၂ ခုနှစ်ခန့်တွင် ပါတီတစ်ခုက ကွန်ဒို ဆောက်လုပ်ရန် စီစဉ်ခဲ့ပါကြောင်း၊ ထိုကဲ့သို့ ကွန်ဒိုဆောက်လုပ်ရန် စီစဉ်နေစဉ်ပင် တောင်ဥက္ကလာပ  ပြည်သူများက ဝိုင်းဝန်းကန့်ကွက်ဆန္ဒပြ၍ တည်ဆောက်ရေးလုပ်ငန်းများ ရပ်ဆိုင်းသွားခဲ့ပါကြောင်း၊

၎င်းအားကစားပန်းခြံနှင့်ပတ်သက် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၌ အားကစားပန်းခြံအဖြစ် ပြန်လည်ခွင့်ပြုပေးရန် ကြယ်ပွင့်ပြမေးခွန်းအဖြစ် မိမိ မေးမြန်းခဲ့ပါကြောင်း၊ ပါတီတစ်ခု၏ အမည်ဖြင်‌့ မြေငှားစာချုပ်ပေးထားပြီးဖြစ်ကြောင်း ရန်ကုန်မြို့တော်၊ စည်ပင်သာယာရေး ဝန်ကြီး၏ အ‌ဖြေကို ပြည်ထောင်စုဝန်ကြီးများ ဖြေကြားခဲ့ပါကြောင်း၊ မိမိအနေဖြင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနှင့်အညီ ဆောင်ရွက်ပေးရန် ဆက်စပ်မေးခွန်းအဖြစ် တင်ပြခဲ့ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ စီစစ်ဆုံးဖြတ်ချက်အရသာ ပြန်လည်ဆောင်ရွက်နိုင် ပြီဖြစ်ပါကြောင်း အကြောင်းပြန်ဖြေကြားခဲ့ပါကြောင်း၊ ၎င်းမြေကွက် သည် မြို့စတင်တည်ထောင်စဉ်ကပင် ကလေးအားကစားပန်းခြံအဖြစ် တည်ရှိခဲ့သည့်အတွက် ၎င်းမြေနေရာအား မူလအတိုင်း အားကစား ပန်းခြံ အဖြစ် ပြန်လည်ခွင့်ပြုပေးပါရန် မေးမြန်းပါသည်။