(ဂ)-ရွှေကျင်မြို့နယ်အတွင်းရှိ ရွှေလုပ်ငန်းကုမ္ပဏီ များနှင့် စပ်လျဉ်းသည့် မေးခွန်း

2021-01-03

ဦးစောသလေးစော ရွှေကျင်မြို့နယ်အတွင်း ရွှေတူးဖော်မှုကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးနေမှုများကို ကာကွယ်ရန် မည်ကဲ့သို့ စီမံဆောင်ရွက်ထားသည်နှင့် စပ်လျဉ်းပြီး သိရှိလိုကြောင်း၊

မိမိတို့လက်ထက်တွင် စည်းမဲ့ကမ်းမဲ့ သဘာဝပတ်ဝန်းကျင်ပျက်စီးအောင် ရွှေတူးဖော်ခြင်းများကို မျိုးဆက်များကို ယခုအတိုင်းထားခဲ့ပေးမည်ဆိုပါက မတရားရာ ကျပါကြောင်း၊ ထို့နောက် နိုင်ငံတော် ဘဏ္ဍာများ ကို ကောင်းမွန်စွာစီးဆင်းပြီး အဖက်ဖက်မှ လိုအပ်နေသည့် နိုင်ငံတော် ဘဏ္ဍာကို ဖြည့်တင်းနိုင်ရန်အတွက် ရည်ရွယ်ပြီး ယခုမေးခွန်း ကို မေးမြန်းရခြင်းဖြစ် ပါကြောင်း၊ ရွှေကျင်မြို့နယ် အတွင်း ရွှေတူးဖော်ခြင်းလုပ်ငန်းကို ရှေးမင်းလက်ထက်ကတည်းက လုပ်ကိုင်ခဲ့ပါကြောင်း၊ မော်မတမြစ်နှင့် ရွှေကျင်မြစ်တို့၏ ချောင်းလက်တက်များမှ မိရိုးဖလာ လက်လုပ်တွင်းများတူးပြီး လုပ်ကိုင်ခဲ့ကြပါကြောင်း၊၁၉၉၀ ခုနှစ်မှ စစ်ပွဲများဖြစ်ပြီးနောက်ပိုင်းတွင် ရွှေတူးဖော်ရေး ကုမ္ပဏီကြီးများ သည် ရွှေကျင်မြစ်နှင့် မော်တမမြစ်များ တစ်လျှောက် ရောက်ရှိ လာပြီး ခေတ်မီ စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်ခြင်းလုပ်ငန်းများကို အကြီးအကျယ် လုပ်ကိုင်ခဲ့ကြရာ ရိုးရာရွှေတူးဖော်ရေး လုပ်ငန်းများလည်း ကွယ်ပျောက်ခဲ့ရပါကြောင်း၊ ရွှေကျင်မြို့နယ်အတွင်း ရွှေတူးဖော်သည့် လုပ်ကွက်ပေါင်း ၄၀ ခန့်ရှိသည်ဟု Add Drive International ၏ အစီရင်ခံစာအရ သိရပါကြောင်း၊ သို့သော် ကွင်းဆင်းစစ်ဆေးရာတွင် အနည်းဆုံး ၈၀ ခန့်ရှိသည်ဟု သိရပါကြောင်း၊ ထိုသို့ တူးဖော်လိုက်သည့်အတွက် ရေအရင်းအမြစ် များ ကုန်ခမ်းသွားပါကြောင်း၊ အချို့ချောင်းများ လုံးဝခမ်းခြောက်သွားပြီး အချို့ချောင်းများ မည်သည့်အခါမှ ရေများပြန်လည်ဝင်ရောက်လာခြင်း မရှိတော့ပါကြောင်း၊ မြစ်ချောင်းများထဲတွင် မြေဆီလွှာတိုက်စားမှု၊အနည်များပိုပြီးထူလာသည်ကို တွေ့ရပါကြောင်း၊ မြစ်ကမ်းပါးနှင့် မြစ်ကမ်းပါးဘေးသစ်ပင်များက အောက်ခြေမှ ပြိုဆင်းလာပြီး နုန်းတင်မြေနှင့် မြေဆီလွှာ များ ကြောင့် မြစ်ကြမ်းပြင်အချို့ ပျက်စီးသွားခဲ့ရပါကြောင်း၊ တူးဖော်ရာတွင် ရွှေပါဝင်သည့် အနည်အနှစ်များကို ပြဒါးနှင့် အခြား ဓာတုဗေဒ ဆေးခတ်ထားသော မြောင်းအတွင်းသို့ စီးဝင်စေပြီး ပါရှိသည့်ရွှေများကို ဖမ်းယူပြီး ကျန်ရှိသည့် အနည်အနှစ်၊ အညစ်အကြေးများကို ရွှေကျင်နှင့် မော်တမချောင်းအတွင်းသို့ စီးဝင်စေပါကြောင်း၊ ဂေဟစနစ်ကို ထိခိုက် ပျက်စီးစေ သည့် အတွက် ပြဒါးအသုံးပြုမှုကို နိုင်ငံအတော်များများတွင် ပိတ်ထားသည်များ ရှိသော်လည်း ရွှေကျင်မြို့နယ် အတွင်း၌ ရွှေတူးဖော်သည့်လုပ်ကွက်များမှာ အညစ်အကြေးများနှင့် အတူ ပြဒါးများ သည် ရွှေကျင်မြစ်နှင့် မော်တမမြစ်ထဲကို အတားအဆီးမဲ့ ပျော်ဝင်လျက် ရှိသည်ဟု Add Drive International ၏ အစီရင်ခံစာထဲတွင် တွေ့ရပါကြောင်း၊

အသုံးပြုသည့်အင်ဂျင်စက်များက ဒီဇယ်နှင့် အခြားလောင်စာဆီများ ဖိတ်စင်မှုကြောင့် ချောင်းရေအသုံးပြုစိုက်ပျိုးတောင်သူများရဲ့ စိုက်ခင်းများပျက်စီးရပါကြောင်း၊ မြစ်ကမ်းဘေး ရှိ ကျေးရွာများနှင့် မြစ်ပေါ်ရပ်ကွက်များ သည် ချောင်းရေဘေး တွင် နေသော်လည်း သောက်သုံးရေ ရှားပါးသည့်ဒဏ်ကို ခံစားနေရပါကြောင်း၊

ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ အခန်း(၁) နိုင်ငံတော်အခြေခံမူများပုဒ်မ ၄၅ တွင် နိုင်ငံတော်သည် သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရမည်ဟု ပြဋ္ဌာန်းထားပါကြောင်း၊ ထို့အပြင် မြန်မာ့သတ္တုတွင်းဥပဒေ အမှတ်(၈/၉၄)၏ ပုဒ်မ ၃၊ ပုဒ်မ ၁၃ ပုဒ်မခွဲ(င)တို့တွင် သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုကို ကာကွယ်ရန် ပြဋ္ဌာန်းထားသည့်အပြင် ပုဒ်မ ၁၂ ပုဒ်မခွဲ (က) အရ လိုအပ်သည့် ညွှန်ကြားချက်များကိုလည်း လိုက်နာရမည်ဟု ပြဋ္ဌာန်းထားပါကြောင်း၊ ထို့ကြောင့် ရွှေကျင်မြို့နယ်အတွင်း မှတ်ပုံတင်ထားသည့် ‌ရွှေကုမ္ပဏီ မည်မျှရှိသည်ကို သိရှိလိုပါကြောင်း၊ မှတ်ပုံတင်ထားသော ကုမ္ပဏီများက သဘာဝပတ်ဝန်းကျင်ထိခိုက်မှုဆိုင်ရာ ကာကွယ်ရေးလုပ်ဆောင်မှုများကို မည်သို့စီမံဆောင်ရွက်ထားသည်ကို သိရှိလိုပါကြောင်း၊ မှတ်ပုံတင်ထားသည့် ကုမ္ပဏီများက ဥပဒေနှင့်အညီ လုပ်ဆောင်မှုရှိ/မရှိ၊ ယနေ့အချိန်အထိ အရေးယူဆောင်ရွက်မှုများ မည်မျှရှိသည်ကို သိရှိလိုပါကြောင်း၊ မှတ်ပုံမတင်ထားသေးသည့် ရွှေတူးဖော်မှုများကို မည်ကဲ့သို့အရေးယူဆောင်ရွက်သည်ကို သိရှိလိုပါကြောင်း၊ လတ်တလော ဖြစ်ပေါ်နေသော သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုများကို ပြဋ္ဌာန်းဥပဒေ၊ နည်းဥပဒေ၊ EIA ၊ SIA နှုန်းထားနှင့်အညီ စစ်ဆေးမှုရှိ/မရှိ၊ ကွင်းဆင်းစစ်ဆေးဆောင်ရွက်မှုများ အစီအစဉ်ရှိ/မရှိ ထိုသို့ ကွင်းဆင်းစစ်ဆေး တိုင်းတာ၍ ဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံတကာစံသတ်မှတ်ချက်များနှင့် မကိုက်ညီပါက စံသတ်မှတ်ချက်နှင့် ပြည့်မီအောင် ဆောင်ရွက်ပြီးသည်ကို ရွှေတူးဖော်ခြင်း လုပ်ငန်းများ ရပ်ဆိုင်းထားရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။