(ခ)-ရှားပါး သတ္တဝါများဖြစ်သော သစ်ဆွဲဆင်ယဉ် များနှင့်တောဆင်ရိုင်းများကို စနစ်တကျထိန်းသိမ်း ရန်နှင့် သစ်ထုတ်လုပ်မှုများပိတ်သိမ်းရပ်နားထား ၍ အလုပ်လက်မဲ့ ဆင်များအတွက် စနစ်တကျပြန် လည် စုစည်းနိုင်ရေး ဆောင်ရွက်ထားမှုရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

2021-01-03

ဦးခင်ချို၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှစ၍ သစ်တောများထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် သစ်ထုတ်လုပ်မှုများ ရပ်ဆိုင်းမှုပြုလုပ်ရန် နိုင်ငံတော်က စီစဉ်ဆောင်ရွက်နေပါကြောင်း၊ နိုင်ငံပိုင် သစ်ထုတ် လုပ်ရေး လုပ်ငန်းပိုင် ဆင်အကောင် ၆၀ ကို အလောင်းတော်ကဿဖဘုရားဖူး သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွင် အသုံးပြုသည်ဆိုသည်မှာ စာစောင်များ၊ မဂ္ဂဇင်းများတွင်သာ တွေ့ရှိရပါကြောင်း၊ ပုဂ္ဂလိက ပိုင်ဆင်များအနေဖြင့်  သစ်ထုတ်လုပ်သည့် လုပ်ငန်းဒေသများ ပြောင်းရွှေ့သွားလာပြီး အလုပ်ရှာဖွေလုပ်ကိုင်သည့် နေရာတွင် ဒေသတစ်ခုမှ တစ်ခုသို့ ပြောင်းရွှေ့ရန် သစ်တောဦးစီးဌာန က မျှောစာနှင့်ခွင့်ပြုချက်များရယူ၍ ပြောင်းရွှေ့သွားလာပြီး သက်ဆိုင်ရာမြို့နယ်များတွင် ဆင်များကိုမှတ်ပုံတင်ရပါကြောင်း၊ သစ်တောဦးစီးဌာနအဆင့်ဆင့်ကလည်း မျှောစာများနှင့် ပြောင်းလာသည့် ဆင်များကိုမှတ်ပုံတင်ဖြင့် ထိန်းသိမ်း၍ သုံးနှစ်တစ်ကြိမ် သက်တမ်းတိုးပြီး ဆောင်ရွက်စေပါကြောင်း၊ ယခုလိုသက်တမ်းတိုး ဆောင်ရွက်သေည့်အခါ ဆင်အတော်များများ သက်တမ်းတိုးမှု မလုပ်ကြခြင်းများ တွေ့ရှိရပါကြောင်း၊ မိမိတို့လှိုင်းဘွဲ့မြို့နယ်တွင် ၁၉၉၇-၉၈ မှ ၂၀၁၁-၁၂ ထိ မှတ်ပုံတင်သည့် ဆင်အကောင် ၉၃ ကောင်ရှိသည့်အနက် အမှန်တကယ် သေဆုံးခြင်းဟုတ်/မဟုတ် စိစစ်ရန်ခက်ခဲသည့်ဆင်က ၂၂ ကောင်၊ ကျန်သည့် ၇၁ ကောင်မှာ သုံးနှစ်တစ်ကြိမ် သက်တမ်းတိုးပျက်ကွက်ခြင်းများ တစ်ကြိမ်မြောက်ပျက်ကွက်ခြင်းက ၂၁ ကောင်၊ နှစ်ကြိမ် မြောက်ပျက်ကွက်ခြင်းက ၁၆ ကောင်၊သုံးကြိမ်မြောက်ပျက်ကွက်ခြင်းက ရှစ်ကောင်၊ လေးကြိမ်မြောက် ပျက်ကွက်ခြင်းက ခုနစ်ကောင်နှင့် ငါးကြိမ်မြောက်ပျက်ကွက်ခြင်းက လေးကောင် ပျက်ကွက်သည့် အကောင်ပေါင်း ၅၆ ကောင်ရှိသည်ကို တွေ့ရှိရပါကြောင်း၊ခရိုင်စိစစ်ရေးအရာရှိအနေဖြင့် တာဝန်ထမ်းဆောင်ခဲ့သည့် ဖာပွန်မြို့နယ်တွင်လည်း အလားတူအခြေအနေမျိုးများရှိသည် တွေ့ရှိရပါကြောင်း၊ မိမိတို့ ကရင်ပြည်နယ် သည် တစ်ဖက်ယိုးဒယားနိုင်ငံနှင့် နီးစပ်သည့်ဒေသ ဖြစ်ပါကြောင်း၊ပုဂ္ဂလိကပိုင် ဆင်များသည်  လုပ်ငန်းရှိရာဒေသများကို ပြောင်းရွှေ့သွားလာသည့် သဘာဝရှိသည့် အတွက်ကြောင့် စနစ်တကျ ထိန်းသိမ်းရန်လည်း တော်တော်ခက်ခဲပါကြောင်း၊ လက်ရှိဘဏ္ဍာနှစ်တွင် သစ်ထုတ်လုပ်မှုများမရှိခြင်းကြောင့် ဆင်များအတွက် လုပ်ငန်းများမရှိသဖြင့် ၎င်း ဆင်များကို တစ်ဖက်နိုင်ငံတွင် တရားမဝင် သွားရောက် ရောင်းချခြင်းမျိုးလည်း ရှိလာနိုင်ပါကြောင်း၊ နိုင်ငံပိုင်ဆင်များအပြင် နိုင်ငံသားပုဂ္ဂလိကပိုင် သစ်ဆွဲဆင်များသည်လည်း နိုင်ငံ၏ရတနာများဖြစ်သည့်အတွက် နိုင်ငံအတွက်မလိုလားအပ်သော ဆုံးရှုံးမှုများ ရှိလာမည် ဖြစ်သည့် အတွက် စိုးရပါကြောင်း၊ထို့ကြောင့် နိုင်ငံသားပုဂ္ဂလိကပိုင် ဆင်များနှင့်ပတ်သက်၍ နိုင်ငံတော်အတွက် နစ်နာဆုံးရှုံးမှုများမရှိစေရေးအတွက် တရားမဝင်ရောင်းဝယ်မှု များကြောင့် နိုင်ငံ၏ ရတနာများ လျော့ နည်း ပျောက်ဆုံးမသွားစေရေး တာဝန်ရှိသူများအနေဖြင့် ကာကွယ်တားဆီးရေးနှင့် အလုပ်အကိုင်ဖန်တီး ပေးနိုင်မည့်အစီအစဉ်များ ဆောင်ရွက်ထားနိုင်ခြင်းရှိ/မရှိနှင့် စီစဉ်ဆောင်ရွက်ထားမှု အခြေအနေကို ရှင်းလင်းဖြေကြားပေး နိုင်ခြင်းရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။