(ခ)-တရားဝင်သစ်စက်နှင့်သစ်ဆိုင်မရှိသောမြို့ငယ် များတွင် ကျွန်းနှင့်သစ်မာများကိုတရားဝင်သုံးစွဲခွင့် ရရန် မည်သည့် မူဝါဒများ ချမှတ်၍ အကောင်အ ထည်ဖော်ပေးမည်နှင့်ပြည်ပပို့ကုန်တွက်သစ်တော များ ပြုစုပျိုးထောင်ရန် နှင့်စပ်လျဉ်းသည့် မေးခွန်း

2021-01-03

(ခ)-တရားဝင်သစ်စက်နှင့် သစ်ဆိုင် မရှိသောမြို့ငယ်များတွင် ကျွန်းနှင့် သစ်မာများကို ပြည်သူများ တရားဝင်သုံးစွဲခွင့်ရရန် မည်သည့်မူဝါဒများချမှတ်၍ မည်သို့ အကောင်အထည်ဖော် ပေးမည်နှင့် ပြည်ပပို့ကုန်အတွက် စဉ်ဆက် မပြတ် ထုတ်လုပ်နိုင်ရန် စီမံထားသော သစ်တောများ (Sustainable managed forest/ Planting) ပြုစုပျိုးထောင်ရန် အစီအစဉ်ရှိ၊ မရှိ နှင့်စပ်လျဉ်းသည့်မေးခွန်း

 

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်မြန်မာနိုင်ငံဒေသအနှံ့အပြားတွင် ပုဂ္ဂလိကနေအိမ်များ၊ ဘာသာရေး အဆောက်အဦများနှင့် နိုင်ငံတော် ဘဏ္ဍာရန်ပုံငွေဖြင့် တည်ဆောက်ရသော အဆောက်အဦများ၊ လမ်းများ၊ တံတားများကို တည်ဆောက်ရာတွင် သစ်တောထွက်ပစ္စည်းများဖြစ်သည့် သစ်၊ ပျဉ်များကို မရှိမဖြစ် သုံးစွဲနေကြရဆဲဖြစ်ပါကြောင်း၊ မြို့ကြီးများတွင် တရားဝင်ဝယ်ယူရရှိနိုင်သော သစ်ဆိုင်များမှ ကျွန်းသားနှင့် အခြားသစ်မာများကို တရားဝင်ဝယ်ယူရရှိနိုင် သော်လည်း မြို့ငယ်အများစုတွင် တရားဝင်ဝယ်ယူရရှိနိုင်သော သစ်ဆိုင်များမရှိပါကြောင်း၊

သစ်တောဥပဒေမတွင် ကျွန်းကိုတရားဝင် ထုတ်ယူသုံးစွဲခွင့် မရှိခြင်း၊ ကျွန်းသားကို တရားဝင် တရားဝင်ရောင်းချသည့် သစ်ဆိုင်များ မြို့ငယ်များတွင် မရှိခြင်းသည် ကျွန်းသစ်မှောင်ခို လုပ်ငန်းများကို အားပေးသကဲ့သို့ဖြစ်နေပြီး နိုင်ငံတော်မှ ရရှိမည့်ဘဏ္ဍာငွေကိုလည်း ဆုံးရှုံးစေသည့် အပြင် နိုင်ငံသား အချင်းချင်းတန်းတူညီမျှ အခွင့်အရေးရရှိဖို့ကိုလည်း ဆုံးရှုံးစေသည်ဟု ယူဆမိပါကြောင်း၊

 ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း (၁) နိုင်ငံတော်အခြေခံမူ ပုဒ်မ ၃၆ အပိုဒ်ခွဲ(ဂ)တွင် နိုင်ငံတော်သည် အများပြည်သူတို့၏ နေထိုင်မှုအဆင့်အတန်းမြှင့်တင်ရေးနှင့် အထွေထွေအရင်းအနှီးများဖွံ့ဖြိုး တိုးတက်ရေး တို့ကို ရှေးရှုဆောင်ရွက်မည်ဟု ပြဋ္ဌာန်းထားသည့်အချက်သည် ယခုကိစ္စနှင့်ဆက်စပ်နေသည်ဟု ထင်မြင်ယူဆ မိပါကြောင်း၊ မြို့ငယ်အများစုတွင် ကျွန်းနှင့်သစ်မာများကို တရားဝင် ဝယ်ယူရရှိနိုင်သည့် သစ်ဆိုင်များ၊ သစ်စက် များမရှိခြင်းကြောင့် ပြည်သူများ အခက်အခဲနှင့် ကြုံတွေ့နေရသကဲ့သို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ကိုင်ရာ မှာလည်း အခက်အခဲများစွာနှင့် ရင်ဆိုင်ကြရပါကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာဝန်ကြီးဌာနအနေဖြင့် တရားဝင်သစ်စက်နှင့် သစ်ဆိုင်များမရှိသည့်မြို့များတွင် (၁) ကျွန်းနှင်‌့သစ်မာများ ကို ပြည်သူများတရားဝင် သုံးစွဲခွင့်ရရန် မည်သည်‌့မူဝါဒများချမှတ်၍ မည်သို့အကောင်အထည်ဖော် ဆောင်ရွက်ပေးမည်အစီအစဉ်နှင့် (၂) ပြည်တွင်းသုံးစွဲရန်နှင့် ပြည်ပပို့ကုန်အတွက် စဉ်ဆက်မပြတ်ထုတ်လုပ်နိုင်ရန် စီမံထားသော သစ်တောများ (Sustainable managed forest) ပြုစု ပျိုးထောင်ရန် အစီအစဉ်ရှိ/မရှိကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။