(က)-ရွှေနှင့်အခြားသယံဇာတများကိုမှီခိုပြီးလုပ်ကိုင် စားသောက်ကြသူများအတွက်ဥပဒေဘောင်အတွင်း မှ တရားဝင်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

2021-01-03

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်စစ်ကိုင်းတိုင်းဒေသကြီး၊ ပင်လည်ဘူးမြို့နယ်အပါအဝင် နိုင်ငံတစ်ဝန်းလုံးတွင် ဆင်းရဲနွမ်းပါး၍ လယ်ယာမြေပိုင်ဆိုင်မှုမရှိသော မိသားစုများစွာတို့သည် ရွှေကျင်ခြင်းဖြင့် အသက်ရှင်ရပ်တည်ခဲ့ကြ သည်မှာ ၁၀ စုနှစ်ပေါင်းများစွာရှိခဲ့ပြီ ဖြစ်ပါကြောင်း၊ ရွှေကျင်ခြင်းနှင့် အခြားလက်လုပ်လက်စား တွင်းထွက်သယံဇာတထုတ်ယူမှုများကြောင့် ပတ်ဝန်းကျင်ကို အနည်းနှင့်အများထိခိုက်မှု ရှိသည် ဖြစ်သော်လည်း လုပ်ငန်းကြီးများနှင့်နှိုင်းယှဉ်လျှင် သိသာစွာထိခိုက်မှုမရှိပါကြောင်း၊ ယခင် သတ္တုတွင်း ဥပဒေ(၁၉၉၄)အရ လက်လုပ် လက်စားထုတ်ယူခြင်းလုပ်ငန်းကို စက်ကိရိယာမပါဘဲ လက်ဖြင့်သာ ထုတ်ယူသည့်လုပ်ငန်းအဖြစ် အဓိပ္ပာယ်ဖွင့်ဆိုထားပါကြောင်း၊ ယင်းကို ပုဒ်မ ၁၀ အရ သက်ဆိုင်ရာ သတ္တုတွင်းလုပ်ငန်း သို့မဟုတ် ဝန်ကြီးဌာနက လုပ်ပိုင်ခွင့်အပ်နှင်းထားသည့်အရာရှိက ခွင့်ပြုမိန့်ထုတ် ပေးနိုင်ပါကြောင်း၊

၂၀၁၅ ခုနှစ်တွင် အတည်ပြုခဲ့သော သတ္တုတွင်းဥပဒေကိုပြင်ဆင်သည့် ပြည်ထောင်စု လွှတ်တော် ဥပဒေအမှတ်(၇၂)အရ လက်လုပ်လက်စားထုတ်ယူခြင်းကို ဥပဒေအရ သတ်မှတ်ထား သောမြင်း ကောင်ရေထက်မပိုသည့် စက်ကိရိယာကိုအသုံးပြုနိုင်ရန် ခွင့်ပြုခဲ့ပြီး တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အသီးသီးရှိ လုပ်ကွက်စိစစ်ချထားရေးအဖွဲ့က ခွင့်ပြုမိန့်ထုတ်ပေးနိုင်ရန် ပြင်ဆင်ခဲ့သည့်ကို တွေ့ရှိရသော်လည်း သက်ဆိုင်ရာနည်းဥပဒေများ အဆင်သင့်မဖြစ်သေးသဖြင့် ယခုတိုင်ခွင့်ပြုမိန့် ချထားနိုင်ခြင်း မရှိသေးပါကြောင်း၊ လက်လုပ်လက်စားသမားများမှာ ဥပဒေနှင့်အညီ ခွင့်ပြု ချက် မရ ရှိနိုင်ပါသဖြင့် နေ့စဉ်စားဝတ်နေရေးအတွက် ဥပဒေပြင်ပမှ တရားမဝင်လုပ်ကိုင်ရှာဖွေ ရုန်းကန် စားသောက်နေကြရသည် တွေ့မြင်နေရပါကြောင်း၊ ယခုအခါ ဥပဒေနှင့်အညီလုပ်ကိုင်ခွင့်ရရှိရန် အခက်အခဲဖြစ်နေသည့်အတွက် အခြေခံပြည်သူလူထုမှာ စားဝတ်နေရေးခက်ခဲကာ နောက်ဆက်တွဲ ဆိုးကျိုးအနေဖြင့် တရားဥပဒေစိုးမိုးရေးဆောင်ရွက်ရန် အခက်အခဲများ ကြုံတွေ့နေရပါကြောင်း၊ ထို့ကြောင့် သတ္တုတွင်းဆိုင်ရာမူဝါဒများ၊ ဥပဒေသစ်များ၊ နည်းဥပဒေများ ပြီးစီးရန် စောင့်ဆိုင်းနေဆဲ ကာလတွင် လက်လုပ်လက်စားတွင်းထွက်တူးဖော်နေသူများအား သင့်လျော်သော အမိန့်၊ ညွှန်ကြား ချက်များဖြင့် စည်းကမ်း၊ နည်းလမ်းများချမှတ်ကာ တရားဝင် ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။