(ဂ)-ကျေးရွာ ကိုယ့်အားကိုယ်ကိုး လျှပ်စစ်မီး လင်းရေးကော်မတီများအားခိုင်မာတိကျသောဖွဲ့ စည်းပုံ၊တာဝန်၊လုပ်ပိုင်ခွင့်နှင့်စည်းမျဉ်း၊စည်းကမ်း များစနစ်တကျ ရေးဆွဲပြဋ္ဌာန်းပေးရန် အစီအစဉ်ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

2021-01-03

ဒေါက်တာအေးမင်း( ခရမ်းမဲဆန္ဒနယ်)ရန်ကုန်တိုင်းဒေသကြီး၊ခရမ်းမြို့နယ်တွင် ကျေးရွာပေါင်း ၁၆၄ ရွာရှိသည့်အနက် ရွာပေါင်း ၆၂ ရွာခန့်သည် ကျေးရွာကိုယ့်အားကိုယ်ကိုး မီးလင်းရေးကော်မတီ များဖွဲ့ပြီး နိုင်ငံတော်မှ ခရမ်းမြို့သို့ ပို့လွှတ်ထားသော လျှပ်စစ်မီးကို သွယ်တန်းအသုံးပြုလျက်ရှိသည်မှာ ၂၀၁၂ ခုနှစ်ခန့်က ဖြစ်ပါကြောင်း၊ မီးသုံးစွဲလိုသူများက ဒီမိုကရေစီနည်းလမ်းတကျ ရွေးချယ်ဖွဲ့စည်းထားသူများ မဟုတ်ခြင်း၊ ကတိကဝတ်ပြုထားသော ယခင်လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဝန်ကြီးရုံး၏ မီးလင်းရေးဆိုင်ရာ ကတိဝန်ခံချက်ကို ချိုးဖောက်ပြီး လုပ်ငန်းများဆောင်ရွက်ခဲ့ခြင်း၊ အသုံးစရိတ်များမှာ ဧည့်ခံစရိတ်၊ အထွေထွေစရိတ်၊ ကန်တော့ငွေများ၊ လမ်းစရိတ်များ၊ အမျိုးအမည် မသေချာသော အသုံးစရိတ်များ အဆမတန် သုံးစွဲထားခြင်းနှင့် ထိုသို့ သုံးစွဲမှုများကြောင့် ကုန်ကျစရိတ်များပြားလာသည့်အခါ မီးသုံးစွဲသူများထံမှ ငွေကြေးများ ထပ်ခါထပ်ခါ ကောက်ခံခြင်း၊ မီးသွယ်မည့်သူများကို မူလကပြောကြားထားသော မီတာတစ်လုံး ကုန်ကျငွေထက် အဆမတန်ပိုမိုလာမှုကြောင့် ထပ်မံကောက်ခံငွေမထည့်နိုင်သူများနှင့် အကြောင်းအမျိုးမျိုးကြောင့် ငွေထည့်ရန်နောက်ကျသူများကို ကော်မတီက တရားစွဲဆိုခြင်း၊ လျှပ်စစ်ဌာနတာဝန်ရှိသူ၊ လျှပ်စစ်မကျွမ်းကျငသူကို လျှပ်စစ်မီးဖြတ်တောက်စေခြင်း၊ ဇွဲပလန် ကျေးရွာ မီးလင်းရေးကော်မတီမှ ကုန်ကျငွေစရိတ်ရှင်းပြီး စုစုပေါင်းထည့်ဝင်ငွေမှ ကော်မတီထံမှာ လက်ကျန်ငွေရှိသေးသော်လည်း လိုငွေပြ၍ တစ်ဦးလျှင် ၂၅၀၀၀၀ ထပ်မံကောက်ခံခြင်းတို့ကို တွေ့ရပါကြောင်း၊ ဇွဲပလန်ကျေးရွာ မီးလင်းရေးကော်မတီ မှ ငွေစာရင်းကို ကောက်နုတ်ဖော်ပြခြင်း ဖြစ်ပါကြောင်း၊ စုစုပေါင်း ၁၅၃ သိန်းရပြီး ကုန်ကျငွေ ၁၄၈ သိန်းရပါကြောင်း၊ ကော်မတီလက်ကျန် ၄၅၀၀၀၀ ကျန်သော်လည်း မီးသွယ်သူတစ်ဦးလျှင် ၂၅၀၀၀၀ ထပ်မံကောက်ခံ ထားသည်ကို တွေ့ရပါကြောင်း၊

ခရမ်းမြို့နယ်၊ ပေါက်ပင်ကျေးရွာတွင် မီးလင်းရေးကော်မတီက သုံးစွဲထားသည်မှာ အမျိုးအမည် မသိဘဲ တန်ဖိုးဆိုပြီး ၂၇ သိန်း၊ ဧည့်ခံစရိတ်၊ အထွေထွေစရိတ်များ၊ ဆိုင်ကယ်ဆီဖိုးများ၊ EIS ကုန်ငွေများကို  ပြထားပါကြောင်း၊ အမည်တစ်ခု ခေါင်းစဉ်ပြပြီး ၁၀၀၀၀၀၊ အရက်ဖိုး ၇၅၀၀၀၊ ဧည့်ခံစရိတ်၊ ဧည့်ခံကျွေးမွေးစရိတ်၊ လူမှုရေးစရိတ် များကို တွေ့ရပါကြောင်း၊မီးလင်းရေး ကော်မတီများ၏ ကုန်ကျငွေစာရင်းများတွင် ဖော်ပြထားသည့် ကိန်းဂဏန်းများမှ ရငွေ/သုံးငွေများ ကိုက်ညီမှုရှိခြင်း/မရှိခြင်းကို ပြောဆိုလိုခြင်းထက် ကုန်ကျငွေများ၏ အကြောင်းအရာခေါင်းစဉ်များ မရေရာခြင်း၊ သဘာဝမကျခြင်း၊ ငွေထည့်ဝင်ထားသော မီးသုံးစွဲသူများကို မထီမဲ့မြင် ပြုသကဲ့သို့ဖြစ်ပြီး စားစရိတ်၊ ခရီးစရိတ်၊ ဧည့်ခံစရိတ် အဆမတန် များပြားနေခြင်းကို ဖော်ပြလိုခြင်း ဖြစ်ပါကြောင်း၊ ကျေးရွာမီးလင်းရေးကိစ္စများကို နိုင်ငံတော်၏ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ အလုံးစုံ တာဝန်မယူနိုင်ခင်တွင် မီးလင်းရေး ကော်မတီများအနေဖြင့် ကျေးရွာနေပြည်သူလူထု၏ လျှပ်စစ်မီးလိုအပ်ချက်နှင့် ပတ်သက်ပြီး နည်းစနစ်မှန်ကန်စွာ တာဝန်ယူ၊ တာဝန်ခံတတ်စေရန် ရည်ရွယ်၍ ကျေးရွာကိုယ့်အားကိုယ်ကိုး လျှပ်စစ်မီးလင်းရေးကော်မတီများကို ခိုင်မာတိကျသည့် ဖွဲ့စည်းပုံ၊ တာဝန်၊ လုပ်ပိုင်ခွင့်နှင့် စည်းမျဉ်း၊ စည်းကမ်းများ စနစ်တကျရေးဆွဲ ပြဋ္ဌာန်းပေးရန်အစီအစဉ်ရှိ/မရှိ၊ ၎င်းစည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ကော်မတီများအား စနစ်တကျ အသစ်ပြန်လည် ဖွဲ့စည်းပေးရန် အစီအစဉ်ရှိ/မရှိ၊ ၎င်းကော်မတီများအနေဖြင့် လျှပ်စစ်သုံးစွဲသူများ လိုက်နာရန် ချမှတ်ထားသော စည်းမျဉ်း၊ စည်းကမ်းများကို သော်လည်းကောင်း၊ မီးလင်းရေးဆိုင်ရာ ကတိဝန်ခံချက်ကို သော်လည်းကောင်း ချိုးဖောက်ခြင်းနှင့် အသုံးစရိတ်များကို ပရမ်းပတာ သုံးစွဲခဲ့ခြင်းအပေါ် မည်ကဲ့သို့ အရေးတယူဆောင်ရွက်မည်ကို သိရှိလိုခြင်း၊ နိုင်ငံတော်ပိုင်လျှပ်စစ်မီးကို မိမိတို့သဘောနှင့် မိမိတို့ စီမံဖြန့်ဖြူးနေတဲ့ ကိုယ့်အားကိုယ်ကိုး မီးလင်းရေးကော်မတီများအား မည်သည့် အဖွဲ့အစည်းက တာဝန်ယူမည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။