(ခ)-သိန္နီမြို့နယ်၊ရွှေလီရေအားလျှပ်စစ်မဟာဓာတ် အားလိုင်းမှတစ်ဆင့်ကွမ်းလုံမြို့သို့လျှပ်စစ်ဓာတ်အား လိုင်းသွယ်တန်းဖြန့်ဖြူးပေးရန် အစီအစဉ် ရှိ၊မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း
မေးမြန်းရသည့်ရည်ရွယ်ချက်မှာ မြို့နယ်တွင်းနေပြည်သူများ၏ ဆန္ဒသဘောထားအရနှင့် ကွမ်းလုံမြို့နယ်၏ ဖြစ်ထွန်းလာနိုင်သည့် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးအခြေအနေအရပ်ရပ်အပေါ် နိုင်ငံတော်အစိုးရမှ ဆန်းစစ်သုံးသပ်နိုင်စေရန်ဖြစ်ပါကြောင်း၊
ယခုအခါ ပြောင်းလဲလာသော နိုင်ငံတော်၏ အခြေအနေများအရ ကွမ်းလုံမြို့သည် နယ်စပ်ကုန်သွယ်မှုပမာဏ တတိယအများဆုံးဖြစ်သည့် နယ်စပ်ကုန်သွယ်ရေးစခန်း ချင်းရွှေဟော်နှင့် ၁၃ မိုင်ခန့်သာကွာဝေးပြီး နယ်စပ် ကုန်သွယ်ရေးစခန်းသို့ ကုန်ပစ္စည်းများဖြတ်သန်းစီးဆင်းရာ လမ်းကြောင်းပေါ်တွင် တည်ရှိနေသည့် မြို့လည်း ဖြစ်ပါကြောင်း၊ စီးပွားရေးအရ နယ်စပ်ကုန်သွယ်ရေး စခန်းနှင့်နီးကပ်စွာတည်ရှိပြီး အစိုးရ၏ ဌာနဆိုင်ရာများ စုံလင်စွာ ဖွင့်လှစ်ထားသည့်အပြင် နိုင်ငံတော်လုံခြုံရေးအရ စစ်မြေပြင်အခြေချပြီးမှ တပ်စွဲထားသည့် မြို့လည်းဖြစ်ပါကြောင်း၊ ယခုလို စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးအရ အရေးပါသည့် မြို့အတွက် လိုအပ်ချက်တစ်ခုဖြစ်သည့် လျှပ်စစ်ဓာတ်အားရရှိ ရေးကို ပုဂ္ဂလိကကုမ္ပဏီတစ်ခုသည် တစ်ဖက်နိုင်ငံမှ ဝယ်ယူဖြန့်ဖြူးပေးနေရသဖြင့်၊ ပြည်သူများအနေဖြင့် လျှပ်စစ်ဓာတ်အားသုံးစွဲခ ဝန်ထုပ်ဝန်ပိုးဖြစ်နေသည့်အပြင် ဌာနဆိုင်ရာများ၊ ဆေးရုံများ၊ ကျောင်းများတွင်လည်း လျှပ်စစ်ဓာတ်အားသုံးစွဲမှု အဆင်မပြေမှုများစွာ ကြုံတွေ့နေရခြင်းများရှိပါကြောင်း၊ သို့ဖြစ်၍ မေးမြန်းလိုသည်မှာ ဒေသနေပြည်သူများ၏ လူမှုဘဝဝန်ထုပ်ဝန်ပိုး လျှော့ချစေနိုင်ရေး၊ မြို့နယ်အတွင်းလူမှုရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး ကဏ္ဍများတွင် အထောက်အကူဖြစ်စေရေးအတွက် သိန္နီမြို့သို့ သွယ်တန်းရောက်ရှိနေသည့် ရွှေလီရေအားလျှပ်စစ် မဟာဓာတ်အားလိုင်းမှတစ်ဆင့် ကွမ်းလုံမြို့သို့ လျှပ်စစ်ဓာတ်အားလိုင်း သွယ်တန်းဖြန့်ဖြူးပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။