(က)-ကွန်ဟိန်းမြို့နယ်အတွင်းရှိကာလိမြို့နယ်ခွဲနှင့် ရပ်ကွက် ကျေးရွာများသို့ လျှပ်စစ်ဓာတ်အား အလုံ အလောက်ဖြန့်ဖြူးပေးရန်အစီအစဉ်ရှိ၊မရှိနှင့်စပ်လျဉ်း သည့် မေးခွန်း

2021-01-03

ဒေါ်နန်းခင်စော( ကွန်ဟိန်းမဲဆန္ဒနယ်)ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကွန်ဟိန်းမြို့နယ်အတွင်းရှိ ကာလိမြို့သည် ယခင်က ကျေးရွာအဆင့်ဖြစ်ပြီး စီးပွားရေး၊ လူမှုရေး ဖွံ့ဖြိုးတိုးတက်လာသည့်အတွက် မြို့နယ်ခွဲအဆင့်သို့ ၂၀၁၀ ခုနှစ်တွင် တိုးမြင့်လာခဲ့ပါကြောင်း၊ ထို့ကြောင့် လျှပ်စစ်စွမ်းအားအသုံးပြုမှု လိုအပ်ချက်များကို ဒေသခံပြည်သူများ၏ လိုလားတောင့်တချက်အရ ပုဂ္ဂလိက‌ ရေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးခြင်းလုပ်ငန်းကို ၂၀၀၈ ခုနှစ်တွင် ထရန်စဖော်မာ ၈ လုံး စံနှုန်းမီ ၄၀၀ ဗို့ဓာတ်အားလိုင်းများဖြင့် စနစ်တကျတပ်ဆင်ပြီး ဖြန့်ဖြူးသုံးစွဲလျက် ရှိနေပါကြောင်း၊ ကာလိမြို့ပေါ်တွင် ၆ ရပ်ကွက်ရှိပြီး အိမ်ထောင်စု ၁၄၈၅ ရှိရာ လျှပ်စစ်မီတာ တပ်ဆင်အသုံးပြုခွင့်ရရှိသူမှာ ၅၄၁ အိမ်သာဖြစ်ပါကြောင်း၊ တိုးတက်လာသည့် လူဦးရေနှင်‌့အတူ ဓာတ်အားသုံးစွဲရန် လိုအပ်ချက်များလည်း မြင့်တက်လာပါကြောင်း၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာသည့်အတွက် လျှပ်စစ်ဓာတ်အား လိုအပ်ချက်လည်း မြင့်တက်လာပါကြောင်း၊ ယခု သုံးစွဲလျက်ရှိသည့် ပုဂ္ဂလိကရေအား လျှပ်စစ်စက်ရုံသည် စိုက်ပျိုးရာသီ လယ်ရေသွင်းချိန်၌ ရေအားမလုံလောက်ခြင်းကြောင့် ဇွန်လမှ သြဂုတ်လအထိ စက်လည်ပတ်မှုအား လုံးဝ ရပ်ဆိုင်းထားရပါကြောင်း၊ ထို့အပြင် မီးသုံးစွဲလိုအား အလျင်အမြန် မြင့်တက်လာနေသည့်အတွက် ဒေသခံပြည်သူများအတွက် အခက်အခဲ ပိုမိုကြီးမားနေပါကြောင်း၊ လျှပ်စစ်ဓာတ်အား လုံလောက်မှုမရှိခြင်းနှင့် ပတ်သက်ပြီး ပထမအကြိမ် ပြည်သူ့လွှတ်တော်အစည်းအဝေးကာလတွင် လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီးမှ ရှမ်းပြည်နယ်၊ ကွန်ဟိန်းမြို့နယ်၊ ကာလိမြို့နှင့် တာကော်မြို့တို့ကို နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားဆက်သွယ်ပေးနိုင်ရန်အတွက် ၃၃ ကေဗွီ ဓာတ်အားခွဲစက်ရုံတည်ဆောက်ခြင်းကို ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ရန်ပုံငွေတွင် လျာထားထည့်သွင်းခဲ့ပါကြောင်း၊ ပထမအကြိမ် ပြည်သူ့လွှတ်တော်သက်တမ်း ကာလတွင် လုပ်ငန်းပြီးစီးနိုင်မှုမရှိသဖြင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းမှ စီမံကိန်းကို ပယ်ဖျက်ခဲ့ပြီး လာမည့်ဘဏ္ဍာရေးနှစ်များတွင် ထပ်မံထည့်သွင်းလျာထားမည်ဖြစ်ကြောင်း ရန်ပုံငွေရရှိပါက ဆောင်ရွက်ပေးသွားမည်ဖြစ်သည်ကို သိရှိရပါကြောင်း၊ လွှတ်တော်အတွင်း ဖြေဆိုထားမှုသည် ကတိကဝတ်ပင်ဖြစ်ပါကြောင်း၊ သို့သော်လည်း ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းတွင် ထည့်သွင်းလျာထားပေးသည်ကို မတွေ့ရပါကြောင်း၊ သို့ဖြစ်ပါ၍ ကာလိမြို့နယ်ခွဲနှင့် ရပ်ကွက်၊ ကျေးရွာများသို့ လျှပ်စစ်ဓာတ်အား အလုံအလောက် ဖြန့်ဖြူးပေးနိုင်ရန်အတွက် မည်ကဲ့သို့ ဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုကြောင်း မေးမြန်ပါသည်။