(ဂ)-သီပေါမြို့နယ်၊နမ္မကျေးရွာအုပ်စု၊နားကွန်ကျေး ရွာနှင့်ပြိန်းဆိုင်းကျေးရွာနယ်နိမိတ်အတွင်း ငွေရည် ပုလဲကုမ္ပဏီသည်၂၀၀၄ ခုနှစ်မှစ၍ ယနေ့ထိတိုင် ဧက(၃၀)ခန့်ရှိသည့် ကျောက်မီးသွေးတူးဖော်ခြင်း လုပ်ငန်းလုပ်ကိုင်နေခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့နယ်၊ နမ္မကျေးရွာအုပ်စု၊ နားကွန်ကျေးရွာနှင့် ပြိန်းဆိုင်းကျေးရွာ
နယ်နိမိတ်အတွင်း ငွေရည်ပုလဲကုမ္ပဏီသည် ၂၀၀၄ ခုနှစ်မှစ၍ ယနေ့ထိတိုင် ဧက ၃၀ ခန့်ရှိသည့် ကျောက်မီးသွေးတူးဖော်ခြင်းလုပ်ငန်းကို ၁၂ နှစ်တာ ကာလအတွင်း လုပ်ကိုင်နေခြင်းနှင့် ပတ်သက်ပြီး ဒေသခံ ကျေးရွာသူကျေးရွာသားများ၏ကိုယ်စား ရပ်မိရပ်ဖက ၂၀၁၆ ခုနှစ်၊ ဇွန်လ ၁၆ ရက်နေ့တွင် တင်ပြလာသည့် စာနှင့်ပတ်သက်ပြီး မေးမြန်းရခြင်း ဖြစ်ပါကြောင်း။
တင်ပြပါစာအရ ပြိန်းဆိုင်းကျေးရွာရှိ ကျောက်မီးသွေးများ တူးဖော်သယ်ဆောင်သည့်နေရာ၏ မြောက်ဘက်အခြမ်းတွင် မြေသားများလှိုဏ်ခေါင်းဖြစ်ခြင်း၊ မြေပြိုခြင်း၊ ညစ်ညမ်းသော အနံ့အသက်အဆိုးများနှင့် မြေစာပုံများ များပြားလာသည့်အတွက် မြေစာပုံကြီးများမှတစ်ဆင့် မိုးရေများနှင့်အတူ နားနန်းကျေးရွာမှ ဝမ်လုံကျေးရွာဘက်ကို စီးဆင်းသော မြစ်ချောင်းနှင့် လယ်ကွင်းများအတွင်း ညစ်ညမ်းသော ရေများ စီးဆင်းဝင်ရောက်လာသည့်အတွက် လယ်ယာမြေ များစွာ ပျက်စီးဆုံးရှုံးသွားရခြင်းနှင့် ညစ်ညမ်းရေများကို ဝမ်လုံကျေးရွာနှင့် ကုန်းပေါင်ကျေးရွာနေ ရွာသူရွာသားများ သောက်သုံးရေအဖြစ် သုံးစွဲနေရခြင်းအတွက်ကြောင့် ကျန်းမာရေး ထိခိုက်ခြင်း စသည့် ဆိုးကျိုးများဖြစ်လာခဲ့ရကြောင်း ကျန်းမာရေး ထိခိုက်နေမှု ဆိုးကျိုးများအကြောင်းကိုလည်း ဖော်ပြထားပါကြောင်း၊ ထို့အပြင် ငွေရည်ပုလဲကုမ္ပဏီ မရှိစဉ်ကာလ အခြေအနေနှင့် လက်ရှိကာလ အခြေအနေတို့ကို ဖော်ပြထားပြီး ဆက်လက်ဖြစ်ပေါ်လာနိုင်မည့် အခြေအနေများနှင့် ကျေးရွာသ ရွာသားများ၏ စိုးရိမ်ကြောင့်ကြမှုများကိုလည်း ဖော်ပြထားပါကြောင်း။
စာကိုလည်း မိမိ၏မေးခွန်းနှင့်အတူ တစ်ပါတည်း ပူးတွဲတင်ပြထားပြီးဖြစ်ပါကြောင်း၊ ၂၀၁၆ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့ နံနက် ၀၉း၀၀ နာရီမှ ၁၂း၀၀ နာရီထိ နမ္မကျေးရွာ ဘုန်းတော်ကြီးကျောင်းအတွင်း နမ္မကျေးရွာအုပ်စုအတွင်း နေထိုင်ကြသော ရွာသူရွာသားနှင့် အင်အား ၂၅၀ ခန့် စုဝေးပြီး ကျောက်မီးသွေး လုပ်ငန်းကြောင့်ဖြစ်ပေါ်လာသော ဆိုးကျိုးအကြောင်းများကို ဆွေးနွေးခဲ့ကြပြီး လက်ရှိ ကျောက်မီးသွေးတူးဖော်မှုလုပ်ငန်းကို ကန့်ကွက်ကြောင်းကိုလည်း ဆန္ဒဖော်ထုတ် ခဲ့ကြပါကြောင်း၊ ၎င်းတို့နှင့်ပတ်သက်ပြီး ဓာတ်ပုံနှင့်တကွ ပူးတွဲစာတွင် တင်ပြထားပြီးဖြစ်ပါကြောင်း၊ ၁၂ နှစ်တိုင်တိုင် လုပ်ဆောင်ခဲ့သော ငွေရည်ပုလဲကုမ္ပဏီ၏ ကျောက်မီးသွေး တူးဖော်ခြင်းလုပ်ငန်း ရပ်တန့်နိုင်စေရန်နှင့် ဟန့်တားပေးနိုင်ပါရန်ကိုလည်း တောင်းဆိုတင်ပြလာကြပါကြောင်း။
သို့ဖြစ်ပါ၍ (က) လက်ရှိ ကျောက်မီးသွေးတွင်းတူးဖော်ခြင်းလုပ်ငန်းကို ငွေရည်ပုလဲ ကုမ္ပဏီအနေဖြင့် လုပ်ပိုင်ခွင့်ကို မည်သို့လျှောက်ထားခဲ့ပြီး လုပ်ပိုင်ခွင့်ရရှိမှုရှိ/မရှိ၊ လာပါသလဲ၊ (ခ) ယင်းသို့ လုပ်ပိုင်ခွင့် မရရှိမီ ကျောက်မီးသွေးတူးဖော်ခြင်းလုပ်ငန်းများကြောင့် ဖြစ်ပေါ်လာနိုင်မည့် ထိခိုက်နစ်နာမှုများ နှင့်ပတ်သက်ပြီး ကျန်းမာရေးထိခိုက်နစ်နာမှုဆိုင်ရာ ဆန်းစစ်ခြင်း(HIA)၊ သဘာဝပတ်ဝန်းကျင် ထိခိုက်နစ်နာမှုဆိုင်ရာ ဆန်းစစ်ခြင်း (EIA)၊ လူမှုစီးပွားထိခိုက်နစ်နာမှုဆိုင်ရာဆန်းစစ်ခြင်း (SIA) တို့ကို ဆောင်ရွက်ခဲ့ခြင်းရှိ/မရှိနှင့် ရှိခဲ့ပါက ယင်းလေ့လာဆန်းစစ်တွေ့ရှိချက်တို့ကို လွှတ်တော်၌သော် လည်းကောင်း၊ အများပြည်သူထံသို့သော်လည်းကောင်း ရှင်းလင်းချပြရန် မည်သို့ဆောင်ရွက်ပါမည် နည်း၊ (ဂ) လုပ်ပိုင်ခွင့်ပြုရာမှာ ဒေသခံပြည်သူများ၏ ဆန္ဒကို မည်သို့အလေးထားပါသနည်း၊ လက်ရှိ ဒေသခံပြည်သူများက လုပ်ငန်းဆောင်ရွက်ခြင်းကို ကန့်ကွက်နေကြခြင်းအပေါ် မည်သို့အလေးထား စဉ်းစားပေးပါမည်နည်း၊ (ဃ) ဒေသခံပြည်သူများ၏ တင်ပြချက်များအရ ပျက်စီးနေသော သဘာဝ ပတ်ဝန်းကျင်များကိုလည်း ကုမ္ပဏီအနေဖြင့် ပြန်လည်ကုစားပေးမည့် အစီအစဉ်များရှိ/မရှိနှင့် ရှိပါက မည်သည့်အချိန်တွင် မည်သို့ကုစားပေးမည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။