(ခ)-ပင်လည်ဘူးမြို့နယ်တွင်ကျောက်မီးသွေးထုတ် လုပ်ရောင်းချသော ကုမ္ပဏီတစ်ခုနှင့် ပတ်သက်၍ သက်ဆိုင်ရာ ဝန်ကြီးဌာနက မည်သို့ ဆောင်ရွက် ခွင့်ပြုထားပြီး အကျိုးအမြတ်မည်မျှ ရရှိသည် နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကိစ္စ များနှင့် စပ်လျဉ်းသည့် မေးခွန်း

2021-01-03

ဦးမင်းနောင် (ပင်လည်ဘူး)မိမိတို့ ပင်လည်ဘူးမြို့မှ (၄)မိုင်ခန့်အကွာတွင် ထွန်းကြွယ်ပေါ စက်မှုလက်မှုကုမ္ပဏီမှ လုပ်ကွက်သုံးခုအား ထုတ်လုပ်ခွင့်ကို သတ္တုတွင်းဝန်ကြီးဌာန၏ ၂၃-၁၁-၂၀၁၂ ရက်စွဲပါစာအမှတ်ဖြင့် တူးဖော်ခွင့်ပြု ထုတ်လုပ် နေကြောင်း တွေ့ရှိရပါသည်။ ထို့နောက် ပထမအကြိမ် သက်တမ်းဖြင့် ၂၂-၁၀-၂၀၁၅ မှ ၂၂-၁၀-၂၀၁၆ အထိ (၁)နှစ် ခွင့်ပြုထားသည်ကို သိရှိရသဖြင့် ၎င်းမတိုင်မီ ကြားကာလများအတွင်း ထုတ်လုပ် ရောင်းချနေမှုများသည် တရားမဝင်ကျောက်မီးသွေး ထုတ်လုပ်ရောင်းချနေသကဲ့သို့ ဖြစ်နေပြီး ကုမ္ပဏီဥက္ကဋ္ဌမှ ထုတ်လုပ်ရောင်းချတင်ပြမှု စာရင်းများအရ ၂၀၁၅ ခုနှစ် ဇန်နဝါရီလမှစ၍ ထုတ်လုပ် ရောင်းချနေကြောင်း၊ ထို့အပြင် ကုမ္ပဏီမှလက်ရှိ လုပ်ကိုင်နေသော လုပ်ကွက်များကို သက်ဆိုင်ရာ ဝန်ကြီးဌာနမှ မှန်ကန်စွာ တိုင်းတာသတ်မှတ်ထားသော ဧရိယာဟုတ်/မဟုတ် ထင်ရှားသတ်မှတ်ချက် အမှတ်အသားများ ကုမ္ပဏီမှဆောင်ရွက်ထားမှု မရှိကြောင်းနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုအဖြစ် မလိုအပ်ဘဲ သစ်ပင်ခုတ်လှဲခြင်း၊ ကျောက်မီးသွေးများ သန့်စင်စေရန် ရေဆေးစစ်ကို အသုံးပြုသည့်အခါ ဆေးပြီးစွန့်ပစ်ရေများကို ရေစီးချောက်ထဲသို့ တိုက်ရိုက်လွှတ်ချခြင်းများ စစ်တွေ့ရှိရပါကြောင်း၊ ကုမ္ပဏီမှ သက်ဆိုင်ရာသို့ တင်ပြသော ကျောက်မီးသွေးထုတ်လုပ်မှု ကိန်းဂဏန်းတွင် တစ်လလျှင် စုစုပေါင်းတန် ၁၀၀ သို့မဟုတ် စုစုပေါင်း တန် ၅၀၀ ဝန်းကျင်သာ တင်ပြကြောင်း စိစစ်တွေ့ရှိရပါသည်။ သို့သော် မြေပြင်တွင် မိမိတို့လေ့လာတွေ့ရှိမှုမှာ တစ်ရက်လျှင် စုစုပေါင်း တန် ၄၀၀ ခန့် ဗဟို စက်ယန္တရားကြီးများ သုံး၍ထုတ်လုပ်နေကြောင်း၊ ထို့ကြောင့် ကုမ္ပဏီ၏ထုတ်လုပ် ရောင်းချမှုအပေါ်တွင် သက်ဆိုင်ရာ ဝန်ကြီးဌာနမှ မည်သည့်နည်းဖြင့် သတင်းအမှန်ရယူခြင်း၊ ထုတ်လုပ်မှုအပေါ်တွင် ဓာတ်သတ္တုခွန် ခွဲဝေမှု အချိုး နိုင်ငံတော်အတွက် အကျိုးအမြတ် မည်မျှရှိ သည်တို့ကို ပွင့်လင်းမြင်သာမှန်ကန်စွာ ထုတ်ပြန်ခဲ့ခြင်း မတွေ့ရပါကြောင်း၊

ထွန်းကြွယ်ပေါကုမ္ပဏီအနေဖြင့် သတ္တုတွင်းဝန်ကြီးဌာနသို့ တရားဝင်ပေးဆောင်ရမည် ဖြစ်သော ဓာတ်သတ္တုခွန်နှင့် ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားရရှိသော အကျိုးအမြတ်ပေးသွင်းမှု အခြေအနေကို ၂၀၁၃-၁၄ ဘဏ္ဍာနှစ်တွင်လည်းကောင်း၊ ၂၀၁၄-၁၅ ဘဏ္ဍာနှစ်တွင်လည်းကောင်း၊ ၂၀၁၅-၁၆ ယခုကာလအထိ ကျောက်မီးသွေး တစ်တန်၏တန်ဖိုးကို မည်သည့်ဈေးနှုန်းဖြင်‌့ သတ်မှတ် ပေးသွင်းပါသနည်း။ ကုမ္ပဏီအနေဖြင့် အထက်ပါ လုပ်ကွက်များမှ ထုတ်လုပ်ရောင်းချသော ကျောက်မီးသွေးတန် အရေအတွက်ကို သက်ဆိုင်ရာဌာနများသို့ လစဉ်အလိုက်ပုံမှန်တင်ပြမှုမရှိခြင်း၊ ကုမ္ပဏီမှ ခွင့်ပြုသတ်မှတ်ဧရိယာ ထင်ရှားသတ်မှတ် ဆောင်ရွက်ထားမှုမရှိခြင်း၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရန်တို့အား ဝန်ကြီးဌာနကမည်သို့ ထိန်းကျောင်းစောင့်ကြည့်စိစစ် အရေးယူမှုများ ရှိပါသနည်းဟု မေးမြန်းပါသည်။