(ခ)-ပြည်တွင်းသုံးစွဲရန် ပို့လွှတ်ထားသောသဘာ၀ ဓာတ်ငွေ့အပေါ်အခြေခံပြီးချုပ်ဆိုထားသောစာချုပ် များအရထားဝယ်ခရိုင် လျှပ်စစ်မီး ရရှိရေးအတွက် မည်ကဲ့သို့ စီမံဆောင်ရွက် ထားသည်နှင့်စပ်လျဉ်း သည့်မေးခွန်း
မိမိတို့ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် လျှပ်စစ်မီးရရှိရေးအတွက် ထားဝယ်ခရိုင်၊ ကံပေါက်ဒေသမှ ထွက်ရှိသော သဘာဝဓာတ်ငွေ့အပေါ်အခြေခံပြီး တိုင်းဒေသကြီးအစိုးရ အစီအစဉ်ဖြင့် ဆောင်ရွက်လျက်ရှိရာ လျှပ်စစ်မီးပုံမှန်ရရှိရေးအတွက် ထုတ်လုပ်ရေးကဏ္ဍတွင် GGS ကုမ္ပဏီက ငါးနှစ်စာချုပ်ဖြင့် လုပ်ကိုင်ခွင့်ပြုထားပါကြောင်း၊ ဖြန့်ဝေရေးကဏ္ဍတွင်လည်း DDPC ကုမ္ပဏီအား ငါးနှစ်စာချုပ် ချုပ်ဆိုပြီး သုံးလတစ်ကြိမ်စောင့်ကြည့်ကာ သက်တမ်းတိုး အစီအစဉ်ဖြင့် ဆောင်ရွက်နေပါကြောင်း၊ လျှပ်စစ်ဓာတ်အားခကိုလည်း တစ်ယူနစ် ၂၁၀ ကျပ် ဈေးနှုန်းဖြင့် သတ်မှတ်ပြီး ဖြန့်ဝေပေးနေပါကြောင်း နိုင်ငံတော်အနေဖြင့်လည်း ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ထားဝယ်ခရိုင်၊ ကံပေါက်ဒေသရှိ ရတနာသဘာဝဓာတ်ငွေ့ရေနံမြေ၊ ရဲတံခွန် သဘာဝဓာတ်ငွေ့ရေနံမြေနှင့် ဇောတိက သဘာဝဓာတ်ငွေ့ရေနံမြေတို့မှ ကုဗပေ သန်းပေါင်း ၃၇၈၁၅၇ ခန့် ရောင်းချခဲ့ပါကြောင်း၊ ၎င်းပမာဏသည် မြန်မာနိုင်ငံအတွင်းရှိ အခြား ဒေသမှ ထွက်သော သဘာဝဓာတ်ငွေ့ရောင်းချမှုနှင့် နှိုင်းယှဉ်လျှင် အများဆုံး ပမာဏ ဖြစ်ပါ ကြောင်း၊တစ်နိုင်ငံလုံးအနေဖြင့်လည်း ၂၀၁၆-၂၀၁၇ ဘဏ္ဍာငွေရရှိမှုတွင် စွမ်းအင်ကဏ္ဍမှ အများဆုံးဖြစ်ပြီး နှစ်အလိုက်ဈေးနှုန်းများအရ ကျပ်ဘီလီယံပေါင်း ၂၆၆၉၉ ကျော် ရရှိခဲ့ပါကြောင်း၊ ဒေသခံပြည်သူများမှာ မိမိဒေသမှထွက်သော သဘာဝဓာတ်ငွေ့ဖြင့် နိုင်ငံတော်အတွက် ဝင်ငွေ အများဆုံးရှာဖွေပေးနေ သော်လည်း လျှပ်စစ်တစ်ယူနစ်ဈေး၊ မဟာဓာတ်အားလိုင်း ရရှိသောဒေသများထက် ဈေးနှုန်းကြီးမြင့် စွာသုံးစွဲနေရခြင်း၊ သုံးစွဲရာတွင်လည်း မီးမကြာ ခဏ ပျက်ခြင်း၊ ဗို့အားမပြည့်ခြင်း စသည့်အချက်များ အပေါ်အခြေခံကာ သင့်တင့်မျှတသောဈေးနှုန်းဖြင့် လျှပ်စစ်မီးပုံမှန်ရရှိရေး မျှော်လင့်တောင်းတလျက် ရှိပါကြောင်း၊ ပြည်တွင်းသုံးစွဲရန်အတွက်လည်း ကုဗပေသန်းပေါင်း ၁၁၃၂၀၁ ပို့လွှတ်ခဲ့ပါကြောင်း၊ ၎င်းအပြင် ၂၀၁၆-၂၀၀၁၇ ဘဏ္ဍာရေးနှစ်တွင် ဓာတ်ငွေ့ဝယ်ယူရေးနှင့် ပတ်သက်ပြီး တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကံပေါက် ဒေသတွင် Andaman Power and Utility Co.,Ltd မှ ၂၀၀ မဂ္ဂါဝပ် ဓာတ်အားပေးစီမံကိန်းအား IPP စနစ်ဖြင့် ဆောင်ရွက်ရန် ချုပ်ဆိုခဲ့ပါကြောင်း၊နိုင်ငံတော်စွမ်းအင်မူဝါဒအရလည်း စွမ်းအင် သယံဇာတများကို ထွက်ရှိရာ ဒေသအပါအဝင် ပြည်သူလူထုတစ်ရပ်လုံး အကျိုးရှိဆုံးနှင့် အထိရောက်ဆုံး ခံစားနိုင်မည့်သုံးစွဲမှု ဖြစ်စေရေး အကောင်အထည် ဖော်ဆောင်ရွက်လျက် ရှိပါကြောင်း၊သို့ဖြစ်ပါ၍ ပြည်တွင်းသုံးစွဲရန် ပို့လွှတ်ထားသော သဘာဝဓာတ်ငွေ့အပေါ်အခြေခံပြီး ချုပ်ဆိုထားသော စာချုပ်များအရ ထားဝယ်ခရိုင် လျှပ်စစ်မီးရရှိရေးအတွက် မည်ကဲ့သို့ စီမံ ဆောင်ရွက်ထားသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။