(ခ)-ရမ်းဗြဲမြို့နယ်တွင် ပါဝင်သော စကုကျွန်းနှင့် မကျေးကျွန်းတို့တွင် တယ်လီဖုန်းဆက်သွယ်ရေး တာဝါတိုင်တစ်ခုစီတည်ဆောက်ပေးရန်အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

2021-01-03

ဦးကျော်ရွှေ (ရမ်းဗြဲ)ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်သည် ကျွန်းများနှင့်ဖွဲ့စည်းထားသော မြို့နယ်တစ်ခုဖြစ်ပြီး  ရမ်းဗြဲမြို့နယ်တွင် ရမ်းဗြဲကျွန်း၊ စကုကျွန်းနှင့် မကျေးကျွန်းတို့ ပါဝင်ပြီး ရမ်းဗြဲကျွန်းနှင့် မကျေးကျွန်းတို့တွင် ရမ်းဗြဲကျွန်း၏ တောင်ဘက် ပင်လယ်ထဲတွင် သီးခြားစီတည်ရှိနေသည့် ပင်လယ်ကျွန်းများ ဖြစ်ကြပါကြောင်း၊ စကုကျွန်းတွင် ကျေးရွာပေါင်း ခုနစ်ရွာ ပါဝင်ပြီး အိမ်ထောင်စုပေါင်း ၁၀၀၀ ကျော် ရှိသည့် ကျွန်းဖြစ်ပါကြောင်း၊ မကျေးကျွန်းတွင် အိမ်ထောင်စုပေါင်း ၄၀၀ ကျော်နေထိုင်သည့် ကျွန်းတစ်ကျွန်း ဖြစ်ပါကြောင်း၊ စကုကျွန်း နှင့် မကျေးကျွန်းရှိ ကျွန်းသူကျွန်းသားများသည် စက်လှေငယ်များကို အသုံးပြု၍ ရမ်းဗြဲမြို့၊ တောင်ကုတ် မြို့နှင့် မာန်အောင်မြို့များသို့ ရေကြောင်းခရီးလမ်းကို အဓိကထား ဆက်သွယ်သွားလာနေကြပါကြောင်း၊ ရာသီဥတု မကောင်းသည့် အချိန်တွင် ရက်သတ္တပတ် တစ်ပတ်ခန့် မည်သည်‌့ဒေသကိုမှ ဆက်သွယ် သွားလာ၍မရသည့် အခြေအနေများ မကြာခဏ ဖြစ်ပေါ်လေ့ရှိပါကြောင်း၊ ယခုအခါ ဆက်သွယ်ရေး ကောင်းမွန် လွယ်ကူသည့်အတွက် ကမ္ဘာကြီးကို ရွာကြီးတစ်ရွာအဖြစ် တင်စားခေါ်ဝေါ် နေကြသည့် Global Village ခေတ်ကြီးတွင် စကုကျွန်းနှင့် မကျေးကျွန်း ကျွန်းသူကျွန်းသားများသည် တယ်လီဖုန်း ဆက်သွယ် မရသည့်အတွက် Global Village ၏  ပြင်ပတွင်ရောက်ရှိနေသလို ဖြစ်နေကြပါကြောင်း၊ ဒေသအသီးသီးသို့ လူကိုယ်တိုင် မသွားရောက်နိုင်သည့်အတွက် အခက်အခဲများ ကြုံတွေ့ နေရပါသောကြောင့် စကုကျွန်းနှင့် မကျေးကျွန်း အတွက် တယ်လီဖုန်းဆက်သွယ်ရေး တာဝါတိုင်တစ်ခုစီ တည်ဆောက်ပေးမှ အဆင်ပြေလာနိုင်မည် ဖြစ်ပါကြောင်း၊သို့ဖြစ်ပါ၍ ရခိုင်ပြည်နယ်ရှိ ရမ်းဗြဲမြို့နယ်၊ စကုကျွန်းနှင့် မကျေးကျွန်း ဒေသများတွင် တယ်လီဖုန်းဆက်သွယ်ရေးတာဝါတိုင်တစ်ခုစီ တည်ဆောက် ပေးရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်မရှိပါက မည်သည့်အတွက်ကြောင့် မရှိဖြစ်သည်ကို သိလို ပါကြောင်းနှင့် အစီအစဉ်ရှိပါက မည်သည်‌့အချိန်တွင် တည်ဆောက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။