(ခ)-မုန်းချောင်းတစ်စိတ်တစ်ပိုင်းအားကမ်းထိန်း နံရံပြုလုပ်ခြင်း၊ ကွေ့ကောက်၍ စီးဆင်းနေသော မုန်းချောင်းရှိသဲသောင်များအားဖြောင့်တန်းဖောက် လုပ်ပေးရန်အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း
ပွင့်ဖြူမြို့နယ်အတွင်း ဖြတ်သန်းစီးဆင်းသော မုန်းချောင်းသည် မကွေးတိုင်းအတွင်း ဧရာဝတီမြစ်ထဲသို့ အနောက်ဘက်မှ စီး ဝင်သော ချောင်း များအနက် အကြီးဆုံးချောင်းတစ်ချောင်း ဖြစ်ပါကြောင်း၊ချင်းပြည်နယ်၊ မတူပီမြို့ အရှေ့မြောက်ဘက် မိုင် ၂၀ ခန့်အကွာ ဝိတိုရိ ယတောင်တန်းမှ မြစ်ဖျားခံ၍ စီးဆင်းသော ချောင်းတစ်ချောင်းလည်းဖြစ်ပါကြောင်း၊ မုန်းချောင်းပေါ်၌ အကျိုးဖြစ်ထွန်းသော မုန်းတမံ လျှပ်စစ် မဂ္ဂါဝပ် ၇၅
မဂ္ဂါဝပ်လျှပ်စစ်စက်ရုံတစ်ခု၊ ကျီးအုံကျီးဝတမံမှ လျှပ်စစ် မဂ္ဂါဝပ် ၇၄ မဂ္ဂါဝပ်ထုတ်လုပ်သော စက်ရုံတစ်ရုံနှင့် ဧကပေါင်း ၈၀၀၀၀ ကျော် ရေပေးဝေနေသော မဲဇလီရေလွှဲဆည်လည်းရှိပါကြောင်း၊ သို့သော်လည်း မုန်းချောင်းပေါ်ရှိ မဲဇလီ ရေလွှဲဆည်အောက်မှ ဧရာဝတီမြစ်ထဲသို့ စီးဝင်သည်အထိ ချောင်း၏ ဘေးဝဲ/ယာရှိ ကျေးရွာများအား နှစ်စဉ်ရေကြီးရေလျှံဖြစ်ခြင်း၊ကိုင်းမြေ/ယာမြေများ တိုက်စားခြင်း၊ သဲများ၊ ကျောက်စရစ်များဖုံးလွှမ်းခြင်း၊ ကျေးရွာများကမ်းပါးပြို၍ ဒုက္ခအမျိုးမျိုးနှင့် ရင်ဆိုင်နေရပါကြောင်း၊
မဲဇလီရေလွှဲဆည်အောက်ရှိ မဲဇလီကျေးရွာ၏ ယာမြေဧကပေါင်း ၂၀၀ ကျော် တိုက်စားသွားပါကြောင်း၊ အင်းကုန်းကျေးရွာတွင် လတ်တလော အိမ်ခြေ ၁၅ အိမ် သြင်္ဂိုဟ်စရာ သုဿန်တောင် ရွှေ့ပြောင်းထားရပါကြောင်း၊ ပြီးခဲ့သော ၂၀၁၅ ခုနှစ်တွင် အုတ်ဖိုကျေးရွာ၌ နေအိမ် ၁၅ အိမ်၊ ၁၇ အိမ် အရေးပေါ် ရွှေ့ပြောင်းခဲ့ရပါကြောင်း၊ ပွင့်ဖြူမြို့နယ်အောက်ရှိ ညောင်ပင်ရွာကျေးရွာ၊မရိုးကုန်း၊ ဂါတ်ကုန်း ဇီးတော၊ မကျီးကုန်း၊ ဖလံတော၊ သစ်တော်စသည့် ကျေးရွာများတွင်လည်း ကမ်းပါးပြိုနေသည့် အခြေအနေရှိပါကြောင်း၊ ယခုကဲ့သို့ ယာမြေများ တိုက်စားခြင်း၊သဲများ၊ ကျောက်စရစ်များ ဖုံးလွှမ်းခြင်း၊ ကျေးရွာများ ကမ်းပါးပြိုခြင်းကြောင့် လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး အဘက်ဘက်မှ နိမ့်ကျလျက်ရှိပါကြောင်း၊
သို့ဖြစ်ပါ၍ မဲဇလီရေလွှဲဆည်အောက်မှ ဧရာဝတီမြစ်အထိစီးဆင်းနေသော မုန်းချောင်း တစ်စိတ်တစ်ပိုင်းအား ကမ်းထိန်းနံရံပြုလုပ်ခြင်း၊ ကွေ့ကောက်၍စီးဆင်းနေသော မုန်းချောင်းရှိ သဲသောင်များအား ပြည်ထောင်စုအစိုးရအနေဖြင့် ဖြောင့်တန်းဖောက်လုပ်ရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။