(စ)-ဆော့လော်မြို့ပေါ်၌ GSM-MPT ဖုန်းလိုင်း၊ ဟန်းကောကျေး ရွာအုပ်စုအတွင်းနှင့် WCDMA- MPT ဖုန်းလိုင်းတာဝါတိုင်၊လန်ဆယ်ကျေးရွာအုပ်စု အတွင်း WCDMA-MPT ဖုန်းလိုင်း တာဝါတိုင်များ တပ်ဆင်ပေးရန် အစီအစဉ်ရှိ၊ မရှိနှင့်စပ်လျဉ်း သည့်မေးခွန်း

2021-01-03

ဦးလာမာလေး (ဆော့လော်)ဆော့လော်မြို့နယ်သည် ဆက်သွယ်ရေးဖုန်းလိုင်း မကောင်းမွန်ခြင်း၊ လမ်းမကောင်း၍ ကုန်စည် ပို့ဆောင်ရေးခက်ခဲခြင်းတို့ကြောင့် မြို့နယ်ဖွံ့ဖြိုးတိုးတက် မှုအလွန်နောက်ကျ လျက်ရှိပါကြောင်း၊ ဆော့လော်မြို့နယ်သည် တရုတ်ပြည်နှင့်ထိစပ်လျက်ရှိသည့် နယ်စပ်မြို့ဖြစ်သည့်အပြင် တောင်ကုန်း၊ တောင်တန်းထူထပ်ပေါများသည့် တောင်ပေါ်မြို့လည်း ဖြစ်ပါကြောင်း၊ အကျယ်အဝန်းမှာ ၁၃၅၅ စတုရန်းမိုင်ကျယ်ဝန်းပြီး လူဦးရေစုစုပေါင်း ၇၀၀၀ ကျော် နေထိုင်ပြီး ကျေးရွာအုပ်စုပေါင်း ၂၅ စု၊  ကျေးရွာပေါင်း ၁၅၇ ရွာရှိသော်လည်း ဆော့လော်မြို့ပေါ် မြို့မရပ်ကွက်တစ်ခု၌သာ WCDMA-MPT ကမ်းရိုးတန်း ဖုန်းလိုင်းတစ်ခုသာ ရရှိတာဖြစ်ပါကြောင်း၊ မြို့နယ်အတွင်းရှိ အခြားကျေးရွာအုပ်စု၊ ကျေးရွာများသို့ ဖုန်းလိုင်းများယနေ့အချိန်ထိမရရှိသေးပါကြောင်း၊ ဆော့လော်မြို့ပေါ်တွင် ယခုလက်ရှိ အသုံးပြုနေသည် ဆက်သွယ်ရေးစက်ပစ္စည်း ဟောင်းနွမ်းနေပြီး ဖုန်းလိုင်းများ မမိတစ်ချက် မိတစ်ချက် ဖြစ်ပြီး ခေါ်ဆို၍မရပါကြောင်း၊ ယခုအချိန် ဆော့လော်မြို့နယ်အတွင်းရှိ မိဘပြည်သူအများစုမှာ တရုတ်ပြည်မှထုတ်လုပ်တဲ့ ဂြိုဟ်တုဖုန်းတွေကိုသာ အသုံးပြုနေကြရပြီး ရွာတစ်ရွာနှင့်တစ်ရွာ တစ်ဆင့်ပြီးတစ်ဆင့်အပြန်အလှန်ချိတ်ဆက် ဆက်သွယ်‌နေရသဖြင့် အခက်အခဲများစွာရှိနေပါကြောင်း၊ ထို့အပြင် ဆက်သွယ်ရေးဖုန်းလိုင်း များမကောင်းမွန်ခြင်း၊ မရရှိခြင်း၊ အင်တာနက်ဖုန်းလိုင်းများ သုံးစွဲမရရှိခြင်းတို့ကြောင့် ဆော့လော် မြို့နယ်တွင် တရားဥပဒေစိုမိုးမှုအားနည်းခြင်း၊ ပြည်သူများထံမှ သတင်းအချက်အလက်များ အချိန်နှင့် တစ်ပြေးညီမရရှိခြင်း၊ ပြည်သူများအသိပညာဗဟုသုတများ ရရှိမှုအားနည်းနေစေခြင်း စသည့် အခက်အခဲများစွာ ရင်ဆိုင်ခံစားနေရပါကြောင်း၊ ဆက်သွယ်ရေး စက်ပစ္စည်းမှာ ဂျင်မာအဟောင်းစက်အသေးနှစ်လုံး၊ ဘက်ထရီအိုး အခြောက်ငါးလုံးဖြင့် အသုံးပြုနေ သည်ကို တွေ့ရှိရပါကြောင်း၊  ၎င်းစက်များမှ အဟောင်းဖြစ်နေသဖြင့် အဆင်မပြေမှုမရှိပါကြောင်း၊ ဘက်ထရီအိုးကလည်း မကောင်းသည့် အတွက် ဘက်ထရီအိုးလည်းပျက်၊ စက်လည်း ပျက်သွားသည့် အတွက် ဆက်သွယ်ရေးမှ ခဏခဏလုံးဝပြတ်တောက်သွားပါကြောင်း၊

ဆော့လော်မြို့ပေါ်ရှိ မြို့မရပ်ကွက်တွင် အသုံးပြုနေသော ဖုန်းလိုင်းသည် ၎င်းလိုင်းနှင့်နီးစပ် သည့် လခံရွာအထိသာ ဖုန်းလိုင်းရရပါကြောင်း၊ လန်ဆယ် ကျေးရွာနှင့် ဟန်းကောကျေးရွာတို့တွင် ဖုန်းလိုင်းလုံးဝမရရှိ ပါကြောင်း၊ ဟန်းကောကျေးရွာ နှင့် လန်ဆယ်ကျေးရွာအုပ်စု များတွင် WCDMA ဖုန်းလိုင်းတာဝါတိုင်များထားပေးမည်ဆိုပါက အနီးပတ်ဝန်းကျင်ရွာများတွင်လည်း ဖုန်းလိုင်းများ အသုံးပြုနိုင်မည်ဆိုပါက မိဘပြည်သူများ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့် အခြားလူမှုကိစ္စရပ် များလည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပြီး သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါကလည်း သက်ဆိုင်ရာဌာနအသီးသီးသို့ လျင်မြန်စွာ  သတင်းပို့နိုင်မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ဆော့လော်မြို့ ပေါ်၌ GSM-MPT ဖုန်းလိုင်း၊ ဟန်းကော ကျေးရွာအုပ်စုနှင့် လန်ဆယ် ကျေးရွာအုပ်စုတို့တွင်  WCDMA-MPT ဖုန်းလိုင်းတာဝါတိုင်များ တပ်ဆင် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် ဆော့လော်မြို့ ပေါ်၌ ဆက်သွယ်သုံးစွဲလျက်ရှိသည့် WCDMA-MPT ဖုန်းလိုင်းအား ပြည်သူများ သုံးစွဲမှုပိုမိုအဆင်ပြေစေရန်အတွက် တိုးချဲ့စက်ပစ္စည်း အသစ်များ တပ်ဆင်အသုံးပြု ပေးနိုင်ခြင်း ရှိ/မရှိကို  သိရှိလိုပါကြောင်း မေးမြန်းပါသည်။