(ဂ)-သရက်မြို့နယ်၊ ရေဖြူကျေးရွာအားပွန်းချောင်းရေ တိုက်စားမှုကြောင့် ကျေးရွာပျက်စီးမှုအခြေအနေအား ယခုပွင့်လင်းရာသီတွင် သက်ဆိုင်ရာမှ ဆောလျင်စွာ လိုအပ်သလို ဆောင်ရွက်ပေးနိုင်ပါရန်နှင့် စပ်လျဉ်းသည့် မေးခွန်း
သရက်မြို့နယ်၊ ရေဖြူကျေးရွာအုပ်စု ရေဖြူကျေးရွာတွင် အိမ်ထောင်စု ၁၀၅ စုနှင့် လူဦးရေ ၄၆၅ ဦးရှိပြီး ပွန်းချောင်းဘေးတွင် တည်ရှိပါကြောင်း၊ ၎င်းပွန်းချောင်းရေသည် မိုးရွာသွန်းမှုများကြောင့် နှစ်စဉ်ရေကြီးရေလျှံခြင်း၊ ကမ်းပါးပြိုခြင်းဖြစ်ပေါ်လျက်ရှိပြီး ယခင်နှစ်ကာလများတွင် စိုးရိမ်နေရမှု အခြေအနေမရှိပါသော်လည်း ၂၀၁၆-၂၀၁၇ ခုနှစ်တွင် ကမ်းပါးပြိုကျမှုများ အဆက်မပြတ်ဖြစ်ပေါ်ခဲ့ရာ အခြေခံပညာမူလတန်းကျောင်းများ ကျေးရွာရှိလူနေအိမ်များနှင့် အလွန်နီးကပ်လျက်ရှိပြီး စိုးရိမ်ရ မှုအခြေအနေ ဖြစ်ပေါ်လျက်ရှိပါကြောင်း၊
၁၁-၆-၂၀၁၆ ရက်နေ့တွင် ချောင်းရေတိုက်စားမှုကြောင့် ဦးသိန်းဝင်း၏ နေအိမ်ကို ဖျက်ဆီး ပြောင်းရွှေ့မှုများအား ပြုလုပ်ခဲ့ကြရပြီး ယခုအခြေအနေတွင် အဆိုပါ ချောင်းရေတိုက်စားမှုကြောင့် ကမ်းပါးပြိုမှုသည် ကျေးရွာရှိလူနေအိမ်များအတွက် စိုးရိမ်ရမည့်အခြေအနေရှိပါကြောင်းနှင့် လူနေ အိမ်များပြောင်းရွှေ့သွားရမည်ဆိုပါက ကျေးရွာ၏တောင်ဘက်နှင့် အနောက်ဘက်တွင် လယ်ကွင်း များ၊ အရှေ့ဘက်တွင် တောင်ကုန်းများ ရှိပါသဖြင့် ပြောင်းရွှေ့နေထိုင်ရန် အခက်အခဲများ ရှိနေပါကြောင်း၊ ယခု ပွင့်လင်းရာသီတွင် ချောင်းရေတိုက်စားမှုကြောင့် သစ်ပင်များ၊ နေအိမ်များ နေ့စဉ်ပြိုကျလျက်ရှိပြီး မိုးတွင်းအခါရောက်ပါက ကျေးရွာသည် လုံးဝပျက်စီးနိုင်မည်ဖြစ်ကြောင်းနှင့် ကျေးရွာသူကျေးရွာသားများမှလည်း စိုးရိမ်ပူပန်နေကြပါသဖြင့် ယခုပွင့်လင်းရာသီတွင် သက်ဆိုင်ရာမှ ဆောလျင်စွာ လိုအပ်သလို ဆောင်ရွက်ပေးနိုင်ပါရန်နှင့် စပ်လျဉ်း၍ သိရှိလိုပါကြောင်း မေးမြန်းပါသည်။