(ခ)-ဆောမြို့နယ်တောင်ပိုင်း၊ လောင်းရှည် ကျေးရွာ တွင်မိုးကြီးသည်းထန်စွာရွာသွန်းပြီးစလင်းချောင်းရေ ကြီး တိုက်စားမှုကြောင့်ယခုနှစ်ပွင့်လင်းရာသီအမီ ခိုင်ခံ့သည့် ကျောက်စီ ရေကာ(၂)ခု အမြန်ဆုံး တည်ဆောက်ပေးနိုင်ခြင်း ရှိ၊ မရှိ နှင့် စပ်လျဉ်း သည့်မေးခွန်း
ဆောမြို့နယ်တောင်ပိုင်း၊ လောင်းရှည်ကျေးရွာသည် ၁-၈-၂၀၁၆ နေ့မှ ၁၄-၈-၂၀၁၆ ရက်နေ့ထိ စလင်းချောင်းရေကြီးပြီး တိုက်စားမှုကြောင့် သောက်ရေတွင်း တစ်တွင်း၊ လူနေအိမ်တစ်လုံး ရေစီး မျောပါသွားပါကြောင်း၊ နေအိမ်တစ်လုံးကိုလည်း လူထုလုပ်အားဖြင့် အမြန်ရွှေ့ပြောင်းခဲ့ရပါကြောင်း၊ ရေအားလျှပ်စစ်၊ စပါးကြိတ်ခွဲစက်၊ တာဘိုင် တစ်လုံးလည်း ရေစီးထဲမျောပါခဲ့ပြီး ကျေးရွာငါးရွာ၏ လယ် ၃၂၅ ဧက စိုက်ပျိုးနေရသည့် ရေသွင်းမြောင်းကြီးမှလည်း ရေတိုက်စားလုနီးပါး အခြေအနေ ဖြစ်နေပါကြောင်း၊ လောင်းရှည်ကျေးရွာအား ရေတိုက်စားမှုမှ ကာကွယ်ပေးရန်နှင့် နိုင်ငံတော်မှ စလင်းချောင်းရေကူး ဘေလီတံတားကြီးကိုလည်း ရေတိုက်စားခြင်းဘေးမှ ကာကွယ်ပေးရန် လိုအပ်နေပြီဖြစ်ပါကြောင်း၊ ကျေးရွာလူထုမှ ကိုယ်ထူကိုယ်ထစနစ်ဖြင့် သစ်သားများ၊ မင်းတုံးများ၊ ကျောက်ခဲများဖြင့် ခက်ခဲပင်ပန်းကြီးစွာ နေ့စဉ်ရက်ဆက်ပြုလုပ်နေခဲ့ကြရပါကြောင်း၊ အမှန်တကယ် အန္တရာယ်ကျရောက်နေသည့် အခြေအနေကို ဖြစ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် ခိုင်ခံ့သည့်ကျောက်စီရေကာနံရံ(၂)ခု အမြန်ပြုလုပ်ပေးမည်ဆိုပါက အန္တရာယ်များမှ လွတ်မြောက် နိုင်ပြီး စိုက်ပျိုးနိုင်မည့် မြေဧက ၁၀၀ ခန့်ပေါ်ထွက်လာမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ယခုနှစ် ပွင့်လင်းရာသီအမီ ခိုင်ခန့်သည့် ကျောက်စီရေကာ(၂)ခု အမြန်ဆုံးတည်ဆောက်ပေးနိုင်ခြင်း အစီအစဉ်ရှိ/မရှိကို သိလိုကြောင်းမေးမြန်းပါသည်။