(ခ)-ခေါင်လန်ဖူးမြို့နယ်တွင် ပြည်သူများ အားကိုးအားထားပြုသွားလာနေသည့် လော်ဝူးချီလာ အဝင် တံတားနှင့် အထွက်တံတားအား ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဘေလီသံပေါင် သို့မဟုတ် ကွန်ကရစ်တံတားအဖြစ် တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း
ခေါင်လန်ဖူးမြို့နယ်သည် မြန်မာနိုင်ငံ၏ မြောက်ဘက်အကျဆုံးတွင် တည်ရှိပြီး ပင်လယ်ရေ မျက်နှာပြင်အထက် အမြင့်ပေ ၄,၆၈၀ တွင်တည်ရှိကာ ဧရိယာစတုရန်းမိုင်ပေါင်း ၂၀၈၃.၃၉ ကျယ်ဝန်းပြီး လူဦးရေအားဖြင့် ၁၇,၀၀၀ ကျော် နေထိုင်သည့်မြို့နယ်ဖြစ်ပါကြောင်း၊ ခေါင်လန်ဖူး မြို့နယ်သည် အဓိကအားဖြင့် ပူတာအို-မကွယ်ဇက်-ခေါင်လန်ဖူးလမ်း(၁၃၀/၄)မိုင်၊ ခေါင်လန်ဖူး မြစ်သားကြီးလမ်း (၅၅)မိုင်၊ ခေါင်လန်ဖူးလဂျယ်ကားလမ်း(၆၅)မိုင်၊ ခေါင်လန်ဖူးဂျီဇောလမ်း(၇၄) မိုင်နှင့် ခေါင်လန်ဖူးမှ ရှိန်းခေါင်အထိ (၈၅)မိုင်ခန့်ရှိသည့်လမ်းများရှိပြီး အဆိုပါလမ်းများအနက် နယ်ချမှတ်တိုင် ၃၁ တွင် သွားသည့် ခေါင်လန်ဖူးရှေ့ခေါင်လမ်းသည် ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ နယ်မြေလုံခြုံရေးကို ဆောင်ရွက်နေသည့် အဖွဲ့အစည်းများ အဓိက အသုံးပြုသွားလာနေသည့် လမ်းမကြီးပေါ်တွင် ရှိသည့် လော်ဝူးချီလာကျေးရွာ အဝင်တံတားနှင့် ကျေးရွာအထွက် တံတားနှစ်စင်းတို့မှာ ဒေသခံ ပြည်သူနှင့် နယ်မြေလုံခြုံရေးကို တာဝန်ယူပြီး တာဝန်ထမ်းဆောင်နေသည့် ပြည်သူများအတွက် မရှိမဖြစ် အရေးကြီးသည့် တံတားနှစ်စင်း ဖြစ်နေသည်ကို တွေ့ရှိရပါကြောင်း၊ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် မိုးအဆက်မပြတ်ရွာသွန်းခြင်း ကြောင့် ရေကြီးပြီးမြေပြိုခြင်းများဖြစ်ပေါ်ခဲ့သဖြင့် အဆိုပါ တံတားနှစ်စင်းစလုံး ရေထဲမျောပါသွား သည့်အတွက် ၂၀၁၉ ခုနှစ် မိုးတွင်းကာလတွင် အသွားအလာ ပြတ်တောက်သွားပြီး ဒေသခံပြည်သူ များနှင့် အဆိုပါလမ်းမကြီးကိုအသုံးပြုသွားလာနေကြသည့် ဌာနဆိုင်ရာနှင့် ပြည်သူများနယ်မြေ လုံခြုံရေးကို ဆောင်ရွက်နေသည့် အဖွဲ့အစည်းများ ခရီးသွားလာရာတွင်များစွာ ခက်ခဲစွာ သွားလာနေကြသည်ကိုတွေ့ရှိရပါကြောင်း၊ ဝန်ကြီးဌာနမှ အိမ်လမ်းကို အမြန်ဆုံး ပြန်လည် တည်ဆောက်ပေးရန် ပြည်သူလူထုမှ မကြာခဏ တင်ပြတောင်းဆိုနေသည့် လမ်းလည်း ဖြစ်ပါကြောင်း၊ အဆိုပါတံတားများ ရေထဲမျောပါသွားသည့်အခါ လူနှင့်တိရစ္ဆာန်များ မကြာခဏ ရေထဲမျောပါသွားသည့်အတွက် ဒေသခံပြည်သူလူထုများ အသက်ဆုံးရှုံးမှုများစွာ ဖြစ်ပေါ်ခဲ့ကြ သည့်အပြင် စားနပ်ရိက္ခာပြတ်လပ်မှု မကြာခဏကြုံတွေ့နေရပါကြောင်း၊ အဆိုပါ ကျေးရွာတွင် ရှိသည့် ဒေသခံမိဘပြည်သူများက ကိုယ်ထူကိုယ်ထဖြင့် သစ်သားတံတား သို့မဟုတ် သစ်လုံးများ၊ ဝါးလုံးများဖြင့် တည်ဆောက်ကာ ခက်ခဲစွာသွားလာနေကြသော်လည်း ရေကြီးဒဏ်ခံနိုင်အောင် တည်ဆောက်နိုင်ရန် ကျေးရွာများရန်ပုံငွေမရှိခြင်း၊ လူအင်အားနှင့် နည်းပညာအခက်အခဲကြောင့် မကြာခဏရေထဲမျောပါသွားသည်ကို စိတ်မကောင်းစွာ တွေ့ရှိနေရပါကြောင်း၊ သို့ဖြစ်ပါ၍ အဆိုပါ လမ်းမကြီးအား အားကိုးအားထားအသုံးပြုသွားလာနေကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် သက်ဆိုင်ရာဒေသခံနယ်မြေလုံခြုံရေးဆောင်ရွက်နေကြသည့် တာဝန်ရှိပုဂ္ဂိုလ်များ အဆင်ပြေစွာ သွားလာနိုင်ရန်နှင့် အကျိုးရှိစွာ အသုံးပြုနိုင်ရန်အတွက် အဆိုပါတံတားနှစ်စင်းအား လာမည့် ဘဏ္ဍာရေးနှစ်တွင် ဘေလီသံပေါင် သို့မဟုတ် ကွန်ကရစ်တံတားများအား အမြန်ဆုံးတည်ဆောက် ပေးရန်အစီအစဉ်ရှိ/မရှိ မေးမြန်းပါသည်။