(ဂ)-2KR-2012 စီမံကိန်းသည် တည်ဆဲဥပဒေ ဘဏ္ဍာရေး စည်းမျဉ်းများနှင့် ညီညွတ်မှုရှိ၊ မရှိ စုဆောင်းငွေများအား စီးပွားရေးနှင့် လူမှုရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမိုကောင်းမွန်သော စီမံအုပ်ချုပ်မှုဖြစ်စေရေး အစီအစဉ် ရှိ/မရှိတို့နှင့် စပ်လျဉ်းသည့်မေးခွန်း
(ဂ)-2KR-2012 စီမံကိန်းသည် တည်ဆဲဥပဒေများ၊ ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းများနှင့် ညီညွတ်မှုရှိ၊ မရှိ စုဆောင်း ရရှိငွေများအား စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမိုကောင်းမွန် မျှတသော စီမံခန့်ခွဲအုပ်ချုပ်မှု ဖြစ်စေရေး ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိတို့နှင့် စပ်လျဉ်းသည့် မေးခွန်း
ဒက္ခိဏသီရိမြို့နယ်၊ ရန်အောင်မြင်ကျေးရွာတွင် ဂျပန်နိုင်ငံ၏ အထောက်အပံ့ဖြင့် စားနပ်ရိက္ခာ ဖူလုံရေးစီမံကိန်း 2KR-2012 ကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အထိ ဆောင်ရွက်ခဲ့ကြောင်း ၂၆-၆-၂၀၁၉ ရက်စွဲဖြင့် စက်မှုလယ်ယာဦးစီးဌာန အမှတ်(၄၇)လယ်ယာစခန်း လယ်ဝေးမြို့က ရေးဆွဲတင်ပြသည့် 2KR-2012 စီမံကိန်းမှ စုဆောင်းရရှိသော Counterpart fund အား စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်မည့် စီမံချက်တွင် ဖော်ပြထားပါကြောင်း၊ စာရင်းများအရ ရန်အောင်မြင်ကျေးရွာသို့ ထွန်စက် ၃၃ စီး၊ စက်ကိရိယာ ၃၃ လက်နှင့် ရိတ်ခြွေစက် ၄ စီး ပေးထားကြောင်းနှင့် ရရှိသော စက်ငှါးရမ်းခများကို ဌာန၏ F.65 အကောင့်တွင် စုဆောင်းထားရှိသည်ကို သိရပါကြောင်း၊ စက်ငှါးရမ်းခ ဝင်ငွေ စုစုပေါင်းသည် ၂၈၆.၃၃၃၁၆၅ ကျပ်သန်း ဖြစ်ကြောင်း၊
မြေပြင် စုံစမ်းသိရှိမှုများအရ ရန်အောင်မြင်ကျေးရွာသို့ ထွန်စက်အသစ် တစ်စီးနှင့် ဖောကား အသစ် တစ်စီး အခြားကျေးရွာများသို့လည်း လက်တွန်းထွန်စက်များ ပေးထားသည်ကို သိရပါကြောင်း၊ အဆိုပါ စက်ယန္တရားများသည် စာရင်းတွက် ပါဝင်မှု မရှိပါကြောင်း၊ ဝင်ငွေ ရသုံးများ မည်သို့ ရှိသည်ကို မသိရပါကြောင်း၊ စက်ငှါးရမ်းခ ဝင်ငွေများသည် ၎င်းထက် ပိုမိုကြောင်း ရွာသူရွာသားများမှ ပြောဆိုကြပါကြောင်း၊ 2KR-2012 စီမံကိန်းဟု ဆိုသော်လည်း စုဆောင်းငွေ ရရှိမှုအခြေအနေဖြင့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အထိသာ ဝင်ငွေရရှိမှုကို ဖော်ပြထား ပါကြောင်း၊ စီမံချက်တွင် ရန်အောင်မြင်ကျေးရွာ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသုံးပြု ဆောင်ရွက်လိုသည့် လုပ်ငန်းအစီအစဉ် ခြောက်ခုပါရှိပြီး ခန့်မှန်းကုန်ကျမည့် တန်ဖိုး၂၈၁.၀၀ ကျပ်သန်းဖြစ်ကြောင်း ရေရှည်လုပ်ငန်းဆောင်ရွက်ရန် ရန်ပုံငွေ ၅.၃၄ ကျပ်သန်း ကျန်ရှိမည်ဖြစ် သည်ကို ဖော်ပြထားပါကြောင်း၊
နိုင်ငံတော် လယ်ယာသုံး စက်ကိရိယာ အမြောက်အမြားကို ကျေးရွာတစ်ခုတည်းသို့ ပေးအပ် ထားခြင်း စက်ငှါးရမ်းခ ဝင်ငွေများအား နိုင်ငံတော်ဘဏ္ဍာငွေ အရအသုံးသို့ မထည့်သွင်းခြင်းနှင့် သီးခြားအကောင့်ဖြင့် စုဆောင်းခြင်း၊ စီမံကိန်းနှင့်ပတ်သက်၍ ပွင့်လင်းမြင်သာမှု မရှိခြင်းနှင့် စာရင်းတွင် မပါသည့် ယာဉ်ယန္တရားများ စသည်တို့နှင့် စပ်လျဉ်းပြီး တည်ဆဲဥပဒေများ၊ ဘဏ္ဍာရေး စည်းမျဉ်းများနှင့် ညီညွတ်မှု ရှိ၊မရှိ စစ်ဆေးရန် လိုအပ်ပါကြောင်း၊ ဒက္ခိဏသီရိမြို့နယ်တွင် ကျေးရွာပေါင်း ၂၈ ရွာ ရှိပြီး စုဆောင်း ရရှိငွေများအား စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျေးရွာတစ်ရွာတည်းကိုသာ ဆောင်ရွက် ပေးရန် မသင့်ကြောင်း ကျေးရွာအားလုံးကို ဆောင်ရွက်ပေးရန် သင့်ပါကြောင်း၊ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ကျေးရွာ အကြီးအမှူးများ ပါဝင်သည့် ကော်မတီတစ်ရပ်ကို ဖွဲ့စည်းပြီး ဖွံ့ဖြိုးရေးစီမံချက်ရေးဆွဲခြင်းနှင့် ကျေးရွာ ရွေးချယ်ခြင်း တို့ကို ပွင့်လင်းမြင်သာစွာ ဆောင်ရွက်သင့်ပါကြောင်း၊ ၎င်းကိစ္စကို ၁၆-၉-၂၀၁၉ ရက်နေ့တွင် ဦးစီးဌာနမှ ကိုယ်စားလှယ် ပါဝင်ပြီး ဆောင်ရွက်ခဲ့ပါကြောင်း၊
ဒက္ခိဏသီရိမြို့နယ်တွင် ဂျပန်နိုင်ငံ အထောက်အပံ့ဖြင့် စားနပ်ရိက္ခာ ဖူလုံရေးစီမံကိန်း 2KR-2012 ကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းမှ စုဆောင်း ရရှိလာသော ငွေများကို မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများအား အညီအမျှ အသုံးချ ဆောင်ရွက်ခြင်းဖြင့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်၍ တောင်သူလယ်သမားများ၏ လူနေမှုဘဝ တိုးတက်မြင့်မားစေရန် ရည်ရွယ်ချက်ဖြင့် ၁၆-၉-၂၀၁၉ ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် အကျိုးသက်ဆိုင် သူ အားလုံးပါဝင်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့ပါကြောင်း၊ အစည်းအဝေး ဆုံးဖြတ်ချက် အပိုဒ် ၁၇ အပိုဒ်ခွဲ(က)တွင် ဂျပန်နိုင်ငံ၏ အထောက်အပံ့ စားနပ်ရိက္ခာ ဖူလုံရေး စီမံကိန်း 2KR-2012 မှ ရရှိသည့် ငွေများအား ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများ အတွက် တစ်အုပ်စုလျှင် ထွန်စက်တစ်စီးနှုန်းဖြင့် အညီအမျှရရှိရေး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်က တင်ပြဆောင်ရွက်သွားရန်ဟု ဆုံးဖြတ်ထားပါကြောင်း၊ ဒက္ခိဏသီရိမြို့နယ်အတွင်း ရှိ ကျေးရွာအုပ်စုများအတွက် တစ်အုပ်စုလျှင် ထွန်စက်တစ်စီးနှုန်း အညီအမျှ ရရှိရေး သက်ဆိုင်ရာ ဦးစီးဌာနမှ လိုအပ်သလို ဆက်လက်ဆောင်ရွက်နိုင်ရန် အစည်းအဝေး မှတ်တမ်းနှင့်တကွ သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးထံ တင်ပြထားပါကြောင်း၊ သို့ဖြစ်ပါ၍ 2KR-2012 စီမံကိန်းသည် တည်ဆဲဥပဒေများ၊ ဘဏ္ဍာရေးစည်းမျဉ်း စည်းကမ်းများနှင့် ညီညွတ်မှု ရှိ၊မရှိ မရှိပါက မည်ကဲ့သို့ အရေးယူပါမည်နည်း၊ စုဆောင်းငွေများအား စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် ပိုမိုကောင်းမွန်မျှတသည့် စီမံခန့်ခွဲမှု ဖြစ်စေရေးနှင့် ကျေးရွာအုပ်စု များအတွက် တစ်အုပ်စုလျှင် ထွန်စက် တစ်စီးနှုန်း အညီအမျှ ရရှိရေး ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ တို့ကို သိလိုကြောင်းမေးမြန်းပါသည်။