(ဃ)-လက်ပံတန်းမြို့နယ်၊ ဆည်မြောင်းဦးစီးဌာနမှ ဆောင်ရွက်ခဲ့သော စီမံကိန်းများကြောင့် တောင်သူများ ၏ လယ်မြေများ နစ်နာဆုံးရှုံးမှုအတွက် လျော်ကြေးငွေပေးအပ်ရန် အစီအစဉ် ရှိ/မရှိနှင့်စပ်လျဉ်းသည့် မေးခွန်း
ဆည်မြောင်း ဦးစီးဌာန(လက်ပံတန်း)မှ အများပြည်သူ အကျိုးစီးပွားအတွက် ဆောင်ရွက်ခဲ့သည့် စီမံကိန်းများတွင် နစ်နာသူ တောင်သူများ၏ နစ်နာကြေးများနှင့် စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းသွားမည်ဖြစ်ပါကြောင်း၊
ပထမဆုံးအနေဖြင့် မြေစီးကျေးရွာမှ တောင်သူကြီး ဦးကျောင်သောင်း၏ လယ်မြေ ခြောက်ဧကနှင့် စပ်လျဉ်း၍ မေးမြန်းလိုပါကြောင်း၊ အဆိုပါ မြေဧက (၆) ဧကသည် မြေစီးရိုး ဘေးနားတွင် ရှိပါကြောင်း၊ နွေစပါး စီမံကိန်းအတွက် သဲကောဆည်မှ ကျလာသည့် ဆည်ရေကို ရိုးပိတ်ပြီး ရေတင်စိုက်သည့်အချိန်တွင် ဦးကျော်သောင်း၏ လယ်မြေထဲရှိ မြေများကို ယန္တရားများဖြင့် တူးယူပြီး မြေသားတမံ ပိတ်ခြင်း၊ မိုးရာသီရောက်ပါက ပိတ်ထားသည့် တမံကို ဖောက်ချခြင်းများကို ၂၀၁၁ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ ဆောင်ရွက်ခဲ့သည့် ခြင်းကြောင့် လယ်မြေ လေးဧကလောက်ခန့်သည် ကျင်းကျန်ကြီးများ ဖြစ်ပေါ်ကာ စိုက်ပျိုး၍မရသည့် လယ်မြေအဖြစ် ပျက်စီးခဲ့ရခြင်းဖြစ်ကြောင်း၊
ဒုတိယအနေဖြင့် ယွန်းသွယ်အုပ်စုပိုင်ရှိ ကွင်းအမှတ် (၁,၀၆၆)မှ တောင်သူ ၁၄ ဦး ပိုင်သည့် လယ်မြေ စုစုပေါင်း ၁၂ ဧက နှင့် စပ်လျဉ်း၍ မေးမြန်းလိုပါကြောင်း၊ တောင်သူ ခြောက်ဦး ပိုင်သည့် ခြံမြေများ ပါဝင်ပါကြောင်း၊ ဖြစ်စဉ်သည် ဧရာဝတီ မြစ်ကမ်းပါး နှစ်စဉ်ပြိုကျမှုကြောင့် အန္တရာယ်ရှိလာသည့်အတွက် ကမ်းမှ ပေ ၁၄၀ အကွာ ရွာ၏ နောက်ကျောဘက်နှင့် ဘေးနှစ်ဘက်မှ ‘ဂ’ပုံသဏ္ဌာန် ပန်းတာကို တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုကဲ့သို့ တည်ဆောက်ခဲ့ရာတွင် ရွာခြံမြေများနှင့် လယ်မြေများထဲရှိ မြေများကို ယန္တရားဖြင့် တူးယူဖို့ခဲ့ခြင်း ကြောင့် ကျင်းကျန်ကြီးများ ဖြစ်ပြီး လယ်မြေများ ပျက်စီးခဲ့ရပါကြောင်း၊
ထို့ကြောင့် တောင်သူများအနေဖြင့် ၎င်းတို့၏ နစ်နာမှုများကို ၂၀၁၄ ခုနှစ်၊ ၂၀၁၅ ခုနှစ်၊ ၂၀၁၆ ခုနှစ်များက တိုင်းဒေသကြီးအဆင့် အာဏာပိုင်များထံသို့လည်းကောင်း၊ နိုင်ငံတော်သမ္မတရုံးအထိလည်းကောင်း တင်ပြခဲ့ကြပါကြောင်း၊ နိုင်ငံတော်သမ္မတရုံးသည် တောင်သူကြီး ဦးကျော်သောင်း၏ တင်ပြစာနှင့်ပတ်သက်ပြီး ပြန်ကြားစာ နှစ်စောင်ကို ၂၂-၆-၂၀၁၆ ရက်စွဲဖြင့်တစ်စောင်၊ ၁၄-၇-၂၀၁၆ ရက်စွဲဖြင့်တစ်စောင် ပြန်ကြားခဲ့ပါကြောင်း၊ ပြန်ကြားစာတွင် ဦးကျော်သောင်း၏ တင်ပြစာနှင့်ပတ်သက်၍ တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ စိစစ်ပြီး အခြေအနေအား ပြန်လည်တင်ပြရန် အကြောင်းကြားမည် ဖြစ်ကြောင်းဟူ၍ ပြန်ကြားခဲ့ပါကြောင်း၊ သို့သော် ယနေ့အချိန်အထိ ထူးခြားမှု မရှိသည့် အတွက် လက်ပံတန်းမြို့နယ်၊ ဆည်မြောင်းဦးစီးဌာနမှ ဆောင်ရွက်ခဲ့သော စီမံကိန်းများကြောင့် တောင်သူများ ၏ လယ်မြေများ နစ်နာဆုံးရှုံးမှုအတွက် လျော်ကြေးငွေပေးအပ်ရန် အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။