(ည)-ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ အင်ရုံ-နားပဲ့-မောင်းတုန်းလမ်းမှ ကျန်ရှိနေသော လမ်းမိုင်ခြောက်မိုင် ခန့်အား မည်သည့်ဘဏ္ဍာရေးနှစ်တွင်ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း
ဆင်ပေါင်ဝဲမြို့နယ်သည် ရပ်ကွက်သုံးရပ်ကွက်၊ လူဦးရေ ၅၀၀၀ကျော်သာရှိသော်လည်း ကျေးရွာ ၁၄၂ ရွာတွင် လူဦးရေ ၁၀၀၀၀၀ ကျော်၊ ကျေးလက်လမ်း အမည်ပေါက် ၉၁ လမ်း၊ လမ်းမိုင်အရှည် ၄၀၀ ကျော်ရှိနေသည်မှာ မြို့နယ်အတွင်းဖွံ့ဖြိုးတိုးတက်ရေး အတွက်ကျေးလက်လမ်း ကောင်းမွန်ရေးဆောင်ရွက်ရန် များစွာလိုအပ်နေသေးသည်ကို ညွှန်းဆိုပြနေပါကြောင်း၊ မိမိတို့အစိုးရသက်တမ်းလေးနှစ်တာကာလအတွင်း ဆင်ပေါင်ဝဲမြို့နယ်အတွင်းတွင် ကျေးရွာချင်း ဆက်လမ်းပေါင်းမိုင် ၁၂၀ ခန့်အထိ ဆောင်ရွက်ခဲ့ပြီးဖြစ်သည်ကို ကျေနပ်ဖွယ်မြင်တွေ့ရမည် ဖြစ်ပါကြောင်း၊ အင်ရုံ-နားပဲ့-မောင်းတုန်းလမ်းသည် လမ်းမိုင်အရှည် ၁၀ မိုင်ခန့်၊ ကိုးပင်-သာကရလမ်းမှ အင်ရုံ-နားပဲ့-မောင်းတုန်းလမ်းခွဲအထိ လေးမိုင်ခန့် အသီးသီးရှိကြပြီး Class(A)အဆင့်ရှိလမ်းများ ဖြစ်ကြပါကြောင်း၊ ကျန်လမ်း ခြောက်မိုင်သည် Class(C)အဆင့်ရှိသည့်လမ်း ဖြစ်ပါကြောင်း၊ ထို့ပြင် ၂၀၁၈-၂၀၁၉ ခုနှစ် ခြောက်လဘတ်ဂျက်တွင် လမ်းမိုင်နှစ်မိုင်ကျော် ဆောင်ရွက်နိုင်ခဲ့သလို ယခု ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင်လည်း လမ်းမိုင်နှစ်မိုင်ဆက်လက်ဆောင်ရွက်ရန် ခွင့်ပြုရန်ပုံငွေပါပြီး ဖြစ်သည့်အတွက် Class(A)အဆင့် လမ်းပိုင်းအားလုံးပြီးစီးသွားသော်လည်း ကျန်ခြောက်မိုင်က ကျန်ရှိနေဆဲပါကြောင်း၊
၎င်းလမ်းပေါ်ရှိ ၂၀၁၅-၂၀၁၆ ခုနှစ်ကဆောက်လုပ်ခဲ့သော ကျေးလက်တံတားကိုလည်း ပြုပြင်ထိန်းသိမ်းရန် လိုအပ်နေပါကြောင်း၊ လိုအပ်သော လမ်းမြေအကျယ်နေရာရရှိရန်အတွက် အင်ရုံကျေးရွာ၊ နားပဲ့ကျေးရွာ၊ မောင်းတုန်းကျေးရွာပြည်သူများက ယာခင်းရှင်များကို ကိုယ်ထူ ကိုယ်ထနစ်နာကြေးပေးပြီး ဆောင်ရွက်ခဲ့ရသည့်ကျေးရွာများ ဖြစ်ပါကြောင်း၊ သို့သော် ဘဏ္ဍာရေးနှစ်အလိုက် တစ်ဆက်တစ်စပ်တည်းလမ်းပိုင်းပါလာခြင်းမဟုတ်ဘဲ လက်လီစိတ်ပြီး ပါနေသည့်အပေါ် ဒေသခံများကလည်း များစွာဘဝင်မကျဖြစ်နေကြရပါကြောင်း၊ သို့ဖြစ်ပါ၍ ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ အင်ရုံ-နားပဲ့-မောင်းတုန်းလမ်းမှ ကျန်ရှိနေသော လမ်းမိုင်ခြောက်မိုင် ခန့်အား မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်ကိုသိရှိလိုပါကြောင်း မေးမြန်းပါသည်။