(ဃ)-ပြည်တွင်းရှိကမ်းရိုးတန်းနှင့်မြစ်ချောင်းများတွင် ပို့ဆောင်ရေးလုပ်နေကြသော ရေယာဉ်များ၏အင် ဂျင်မြင်းကောင်ရေ အင်အားကို(၂၀)အထိသာလျှင် လိုင်စင် လျှောက်ထားခွင့် တိုးမြှင့် ပြင်ဆင်သတ် မှတ်ပေးရန်အစီအစဉ်ရှိ၊မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

2021-01-04

U Ohn Khinမိမိတို့ ကမ္ဘာကြီးတွင် နည်းပညာများသည် ကြွက်သားခေတ်၊ စက်မှုခေတ်၊ လျှပ်စစ်ခေတ်၊ Robot ခေတ် သို့မဟုတ် IT ခေတ်ဟူ၍ ခေတ်များ ပြောင်းလဲလာပါသော်လည်း လျှပ်စစ်ခေတ်၊ IT ခေတ်တို့ ပြောင်းလဲပုံတို့ကို ပေါက်ကွဲမှုဖြစ်ပြီး ပြောင်းလဲသည်ဟု ပြော၍ရပါကြောင်း၊  မြန်မာနိုင်ငံတွင် အပြောင်း အလဲသည် မှန်မှန်ကန်ကန် မဖြစ်နိုင်သေးပါကြောင်း၊ ဥပမာ လွန်ခဲ့သော နှစ် ၇၀ ကျော်ခန့်က သတ္တုအလေးချိန်  တန်ဝက်ခန့်ရှိသော အင်ဂျင်တစ်လုံး၏ မြင်းကောင်ရေအား ၂၀ ခန့် ရှိပါကြောင်း၊

ထိုအချိန်က စက်မှုကျွမ်းကျင်သူ ရှားပါးခဲ့ပါကြောင်း၊ ယနေ့အချိန်တွင် သတ္တုအလေးချိန် တန်ဝက် ခန့်ရှိ ဒီဇယ်အင်ဂျင်တစ်လုံးသည် ပျမ်းမျှမြင်းကောင်ရေအား ၄၀၀ ခန့်ရှိနေပါကြောင်း၊ စက်မှု ကျွမ်းကျင်သူများ မိမိတို့ ရွာများတွင် ပေါများစွာ ရှိနေပါကြောင်း၊ မိမိတို့ ပြည်သူတို့၏နေထိုင်မှု၊ ဓလေ့စရိုက်များ ပြောင်းလဲလာပြီး မြန်ဆန်စွာ သက်တောင်‌့သက်သာရှိစေရန် လိုချင်တောင့်တမှုများ ဖြစ်နေပါကြောင်း၊ သို့သော် ယနေ့ မိမိတို့ နိုင်ငံတွင် မြင်းကောင်ရေအား ၂၀ နှင့်အထက် ဆိုပါက တိုင်းအစိုးရမှ ခွင်‌့ပြုချက်မပေးနိုင် ဖြစ်နေပါကြောင်း၊

မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ကမ်းရိုးတန်းဒေသများနှင့် မြစ်၊ချောင်းရှိရာဒေသ လူအများ အသုံးပြုနေ ကြသည်မှာ မြင်းကောင်ရေအား ၂၀ နှင့်အထက် အင်ဂျင်ဖြစ်ပါကြောင်း၊ ၎င်းတို့အနေဖြင့် တိုင်း မြို့များအထိ သွားရောက်မှတ်ပုံတင်ရမည်ဆိုပါက အဆင်မပြေမှုများ များစွာရှိနေပါကြောင်း၊ ထို့ကြောင့် အများစုက မှတ်ပုံမတင်ဘဲ တစ်နည်းအားဖြင့် ဥပဒေကိုမလိုက်နာနိုင်ကြတော့ပါကြောင်း၊ သို့ဖြစ်ပါ၍ ပြည်သူများဥပဒေကို လိုက်နာလာကြစေရန်နှင်‌့ မျက်မှောက်အခြေအနေ၌ အံဝင်ခွင်ကျဖြစ်စေရန် မြင်းကောင်ရေအား သတ်မှတ်ချက်ကို တိုးတက်ပြောင်းလဲသတ်မှတ်ရန် အစီအစဉ် ရှိ/မရှိ သိရှိ လိုပါကြောင်း မေးမြန်းပါသည်။