(င)-၁၉၇၀ သမဝါယမအသင်းဥပဒေအရ ဖွဲ့စည်းခဲ့သော သမဝါယမအသင်းများပိုင်ဆိုင်မှုများကို ၁၉၉၂ ခုနှစ် ဥပဒေအရ ဖွဲ့စည်းခဲ့သော အသင်းတချို့ကအကျိုးအမြတ်ခံစားနေမှုများကို ပြည်ထောင်စုစာရင်းစစ်ချုပ်က ပြန်လည်စစ်ဆေးပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

2021-01-04

 

()-၁၉၇၀ ပြည်ထောင်စုမြန်မာနိုင်ငံ သမဝါယမအသင်းဥပဒေအရ ဖွဲ့စည်းခဲ့သော သမဝါယမ အသင်းများ ပိုင်ဆိုင်သည့်မြေနှင့် အခြားပိုင်ဆိုင်မှုများကို ၁၉၉၂ ခုနှစ် သမဝါယမအသင်း ဥပဒေအရ ဖွဲ့စည်းခဲ့သော သမဝါယမအသင်းတချို့က စီမံခန့်ခွဲကာ အကျိုးအမြတ် ခံစားနေမှုများကို ပြည်ထောင်စုစာရင်းစစ်ချုပ်က ပြန်လည်စစ်ဆေးပြီး ၁၉၇၀ ခုနှစ် သမဝါယမအသင်းများ၏ ပိုင်ဆိုင်မှုများကို မူလပိုင်ဆိုင်သူများအတွက် ပြန်လည်အသုံးပြုနိုင်ရေး ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

သမဝါယမ အသင်းများ၏ပိုင်ဆိုင်မှုများကို ပြည်ထောင်စုစာရင်းစစ်ချုပ်မှ ပြန်လည်စစ်ဆေးစေပြီး မူလပိုင်ဆိုင်သူများအတွက် အကျိုးပြုလုပ်ငန်းများတွင် ပြန်လည်အသုံးပြုနိုင်စေရန်ဆိုသည့် အပိုင်း နှစ်ပိုင်းတွေ့ရမည်ဖြစ်ပါကြောင်း၊ ပထမတစ်ခုမှာ ပြည်ထောင်စုစာရင်းစစ်ချုပ်ကို စာရင်းပြန်လည် စစ်ဆေးစေလိုခြင်းဖြစ်ပြီး နောက်တစ်ခုမှာ မူလပိုင်ဆိုင်သည့်သူများအတွက် အကျိုးပြုလုပ်ငန်းကို တစ်ဆက်တစ်စပ်တည်း ဆက်လုပ်ရန်အသုံးပြုနိုင်ခြင်း ရှိ/မရှိဖြစ်ပါကြောင်း၊ သမဝါယမအကြောင်း ပြောမည်ဆိုလျှင် ပထမဦးစွာ သမဝါယမဦးစီးဌာန၏ ဖွဲ့စည်းပုံကိုပြောရမည်ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအရ ပြည်နယ်နှင့်တိုင်းဒေသကြီးများ၊ နေပြည်တော်ကောင်စီတို့တွင် ၁၅ ရုံးရှိကြောင်း၊ မြို့နယ် သမဝါယမဦးစီးဌာနတွင် ၃၀၆ ရုံးရှိပါကြောင်း၊ ကျန်သည်မှာ သမဝါယမတက္ကသိုလ်၊ ကောလိပ်နှင့် သင်တန်းကျောင်းများ ဖြစ်ပါကြောင်း၊ သမဝါယမဦးစီးဌာနမှ လိုအပ်သည့်အမိန့်၊ ညွှန်ကြားချက်များကို သမဝါယမအသင်းအတွက် ထုတ်ပြန်မည့်တာဝန်ရှိပါကြောင်း၊ သမဝါယမ အသင်း အဆင့်ဆင့်၏ ဖွဲ့စည်းပုံတွင် ဗဟိုသမဝါယမအသင်း၊ အသင်းစုချုပ်၊ အသင်းစုအခြေခံ အသင်းဆို၍ ဖြစ်ပါကြောင်း၊ သမဝါယမအသင်း၏ အခြေခံမူမှာ အသင်းသည်အသင်း၏ စီးပွားရေး နှင့် လူမှုရေးလုပ်ငန်းများကို လုပ်ဆောင်သည့် အဖွဲ့အစည်းသာ ဖြစ်စေရန်ဆိုသည့် အချက် တစ်ချက် ပါပါကြောင်း၊ ဆိုလိုသည်မှာ သမဝါယမအသင်းများသည် မိမိအသင်း၏ စီးပွားရေးနှင့် လူမှုရေး လုပ်ငန်းများကို လုပ်ရန်အတွက် ဖွဲ့စည်းထားသည့်အသင်းသာ ဖြစ်ပါကြောင်း၊ ၁၉၉၈ ခုနှစ်မတိုင်မီ ကဆိုလျှင် မိသားစုတိုင်းသည် သမဝါယမအသင်းသားများ ဖြစ်ခဲ့ကြပါကြောင်း၊ သမဝါယမအသင်း ၏ ပိုင်ဆိုင်မှုများကို ၎င်းအသင်းသားများကသာ အချိုးကျပိုင်ဆိုင်ကြခြင်းဖြစ်ပါကြောင်း၊ ၎င်းသည် ၁၉၈၈ ခုနှစ်မတိုင်မီ သမဝါယမ ဥပဒေအရဖြစ်ကြောင်း၊ ၁၉၈၈ ခုနှစ်အလွန် သမဝါယမများပြန်ဖွဲ့ သည့်အခါတွင် မိမိဆန္ဒအလျောက်သာ အသင်းသားများ ပြန်ဖွဲ့ကြပါကြောင်း၊ သို့သော် ၁၉၈၈ ခုနှစ် မတိုင်မီက အသင်း၏ပိုင်ဆိုင်မှုများသည် ၁၉၈၈ ခုနှစ်အလွန် အသင်းသားကသာ ဥပဒေအရ စီမံခန့်ခွဲမှုကို ရရှိသွားကြခြင်းဖြစ်ပါကြောင်း၊ ဆိုလိုသည်မှာ ၁၉၈၈ ခုနှစ်တုန်းက သမဝါယမ အသင်းသားများသည် နောက်ထပ်မပါဝင်လျှင် ၎င်း၏ပိုင်ဆိုင်မှုများသည် လျစ်လျူရှုခံထားရခြင်း ဖြစ်သည်ကိုဆိုလိုခြင်းဖြစ်ပါကြောင်း၊ ယခုလို မိမိတို့က ပြည်သူလူထုကြားထဲတွင် မရှင်းလင်း၍ မေးလျှင် လွှတ်တော်တွင်အမြဲတမ်းဖြေသည်မှာ အရပ်ရပ်ဆိုင်ရာအဖွဲ့အစည်း၏ ဆုံးဖြတ်နိုင်ခွင့် သည် အပြီးသတ်ဖြစ်သည်ဟု အမြဲတမ်းဖြေကြားလေ့ရှိပါကြောင်း၊ ထို့အပြင် ပိုဆိုးသည်မှာ လိုအပ်လျှင် အသင်းပိုင်ပစ္စည်းများကို ထုခွဲရောင်းချနိုင်သည်ဟုဖော်ပြထားပါကြောင်း၊ ထို့ကြောင့် မိမိတို့က အသင်းပိုင်ပစ္စည်းများကို အမွေရသကဲ့သို့ စီမံခန့်ခွဲကြောင်း၊ ထုခွဲရောင်းချခြင်းများ ဖြစ်နေ ပါကြောင်း၊ ထို့ကြောင့် သမဝါယမစာရင်းများကို မိမိတို့ ပြန်လည်လေ့လာကြည့်လိုက်သည့်အခါတွင် နိုင်ငံတော်သမ္မတရုံးမှ ၂၀၁၂ ခုနှစ်တွင် အကြောင်းကြားစာအရ စာရင်းစစ်ချုပ်ရုံးမှ နေပြီး ၆--၂၀၁၂ ရက်နေ့တွင် တိုင်းဒေသကြီးများတွင်ရှိသည့် စာရင်းစစ်ချုပ်ရုံးများကို သမဝါယမအသင်းများသည် စာရင်းစစ်ချုပ်ရုံး၏ အစစ်ဆေးခံအဖွဲ့အစည်းမှနေပြီး လုံးဝပယ်ဖျက်လိုက်ကြောင်းကို အကြောင်း ကြားခဲ့ပါကြောင်း၊ ထို့ကြောင့် မိမိတို့က စာရင်းများကိုပြန်လည်စစ်ဆေးရန် လိုအပ်သည်ဆိုသည်မှာ ထင်ရှားပါကြောင်း၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ဥပဒေပြင်ဆင်ပြီးသည့် အခါတွင် ပုဒ်မ ၁၁ ပြည်ထောင်စုစာရင်းစစ်ချုပ်၏ တာဝန်များမှာ နိုင်ငံတော်ပိုင်ပစ္စည်း၊သမဝါယမပိုင်ပစ္စည်းနှင့် အများပိုင်ပစ္စည်းများကို ရယူထိန်းသိမ်းအသုံးပြုရာတွင် တိကျမှန်ကန်မှု၊ စနစ်တကျထိန်းသိမ်း စောင့်ရှောက်မှုနှင့် ထိရောက်စွာအသုံးပြုမှုရှိ/မရှိ စစ်ဆေးခြင်းဆိုသည်မှာ ပြည်ထောင်စုစာရင်း စစ်ချုပ်၏တာဝန်တွင်ပါပါကြောင်း၊ ထို့ကြောင့် ပြည်ထောင်စုစာရင်းစစ်ချုပ်လည်း တာဝန်ကျေ စေရန်၊ သမဝါယမဦးစီးဌာနအနေဖြင့်လည်း ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှုကို ဖော်ဆောင်ပေး နိုင်ရန်အတွက် ၁၉၇၀ ပြည်ထောင်စုမြန်မာနိုင်ငံ သမဝါယမအသင်းဥပဒေအရ ဖွဲ့စည်းခဲ့သော သမဝါယမအသင်းများ ပိုင်ဆိုင်သည့်မြေနှင့် အခြားပိုင်ဆိုင်မှုများကို ၁၉၉၂ ခုနှစ် သမဝါယမအသင်း ဥပဒေအရ ဖွဲ့စည်းခဲ့သော သမဝါယမ အသင်းတချို့က စီမံခန့်ခွဲကာ အကျိုးအမြတ် ခံစားနေမှုများ ကို ပြည်ထောင်စုစာရင်းစစ်ချုပ်က ပြန်လည်စစ်ဆေးပြီး ၁၉၇၀ ခုနှစ် သမဝါယမအသင်းများ၏ ပိုင်ဆိုင်မှုများကို မူလပိုင်ဆိုင်သူများအတွက် ပြန်လည်အသုံးပြုနိုင်ရေး ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးမြန်းပါသည်။