(ဂ)-ထားဝယ်မြစ်အထက်ပိုင်းသစ်တောပြုန်းတီးခြင်း၊ သတ္တုတူးဖော်ခြင်းတို့ကြောင့် မြေဆီလွှာတိုက်စား၍ လယ်များပျက်စီးဆုံးရှုံးခဲ့ရာသဲနုန်းသောင်များတူးခြင်း ၊ရေလမ်းကြောင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ကိုဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊မရှိနှင့်စပ်လျဉ်း သည့်မေးခွန်း

2021-01-04

ဦးအောင်စိန် (ထားဝယ်)တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ထားဝယ်မြစ်သည် ထားဝယ်၊ သရက်ချောင်း၊ လောင်းလုံး၊ ရေဖြူ မြို့နယ်များကို  ဖြတ်သန်း၍ မြောက်ဘက်မှ တောင်ဘက်ပင်လယ်ဝအထိ စီးဆင်းနေသည့် မြစ်တစ် ဆင်းဖြစ်ပါကြောင်း၊ အဆိုပါ မြစ်သည် ရှေးနှစ်ပေါင်းများစွာကတည်းက ပင်လယ် ကူး ကမ်းနီး၊ ကမ်းဝေး သင်္ဘော၊ လှေသင်္ဘောများ အချိန် မရွေးသွားလာနိုင်သည့် မြစ်ဖြစ်သော်လည်း ယခုအချိန်တွင် မြစ်ရေအထက်ဘက်မှ သစ်တောများ ပြုန်းတီး မှုကြောင့် မိုးရေတိုက်စားပြီး နုန်းများပို့ချခြင်း၊ သတ္တုတူးဖော်ရေးလုပ်ငန်းများမှ စွန့်ပစ်မြေများ မိုးရေနှင့်အတူ မြစ်ထဲသို့ စီးဝင်လာခြင်းတို့ကြောင့် သဲသောင်များ ပေါ်ထွန်းလာပါကြောင်း၊ ယခင်က သင်္ဘောများ၊ စက်လှေများ အနေဖြင့် ပင်လယ်ဝမှ ထားဝယ်ဆိပ်ကမ်းသို့ အချိန်မရွေး ဖြတ်သန်းမောင်းနှင်နိုင်သော်လည်း ယခုအချိန်တွင် သောင်များကို ကွေ့ပတ်သွားလာနေရသည့်အတွက် အချိန်များစွာ ကုန်သည့်အပြင် အန္တရာယ်လည်း များပါကြောင်း၊ မြစ်၏ အထက်ပိုင်းဖြစ်သည့် ထားဝယ်မြို့၏ အရှေ့ဘက်တွင် သတ္တုတွင်းများ တွင်းဖော်ခြင်းများကြောင့် ချောင်း၊ မြောင်းမြောင်းများ တိမ်ကောခြင်း၊ ရေလျှံမှုများ ဖြစ်ပေါ်ခြင်းနှင့် ချောင်းမြောင်း နံဘေးရှိ လယ်များ ဆုံးရှုံးခြင်းများ ကြုံတွေ့ရပါကြောင်း၊  မိမိတို့နိုင်ငံတွင်  လူဦးရေနေ့တိုင်း တိုးတက်နေသော်လည်း လယ်ဧရိယာနေ့တိုင်း လျော့ပါး နေခြင်းနှင့် တစ်ချိန်တွင် စားနပ်ရိက္ခာအတွက်လည်း စိုးရိမ်စရာ ဖြစ်ပေါ်နိုင်ပါကြောင်း၊  ထိုအချက်နှစ်ချက်အပေါ် မူတည်ပြီး ရေကြောင်းသွားလာရေးအတွက် သဲနုန်းတောင်များတူးခြင်းကဲ့သို့သော ရေလမ်းကြောင်းအဆင့်မြင့် လုပ်ငန်း Pilot Project ကို ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိ၊ သိရှိလိုပါကြောင်းမေးမြန်းပါသည်။