(က)-မတ်လ(၂၇)ရက်နေ့ကိုတပ်မတော်နေ့ဟုသတ် မှတ်ထားခြင်းအားတော်လှန်ရေးနေ့ဟုပြန်လည်သတ် မှတ်ပေးရန်အစီအစဉ်ရှိ၊မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း
ဦးဝင်းမြင့် (ပုသိမ်)
အမျိုးသားအာဇာနည်ခေါင်းဆောင်ကြီး၊ ဗိုလ်ချုပ်အောင်ဆန်း နှင့် ရဲဘော်သုံးကျိပ်တို့သည် ဟနွိုင်းကွန်းတွင် ပင်ပန်းဆင်းရဲခံပြီး အခက်အခဲများကြားမှ စစ်ပညာကို သင်ယူခဲ့ကြပါသည် စစ်ပညာသင်ယူကြပြီး ၂၇-၁၂-၁၉၄၁ ရက်နေ့တွင် ဗမာ့လွတ်လပ်ရေးတပ်မတော် BIA ကို စတင်ဖွဲ့စည်းခဲ့ပါပြီး ဗန်ကောက်မြို့ ဦးလွန်းဖေ နေအိမ်၌ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ရဲဘော်သုံးကျိပ်သည် လွတ်လပ်ရေးရယူရန်အတွက် အသက်ပေးတိုက်ပွဲဝင်ကြရန် ပထမအကြိမ် လက်မောင်သွေးဖောက် သောက်သစ္စာအဓိဋ္ဌာန်ပြုခဲ့ကြပါကြောင်း၊ ထို့အပြင် ၃၀-၁၂-၁၉၄၁ ရက်၊ ဘန်ကောက်မြို့ စာသွန်းလမ်း ဖရန်ဖီးအဆောက်အအုံရှိ ဗိုလ်ချုပ်အောင်ဆန်း နေထိုင်သောအိမ်တွင် ဒုတိယအကြိမ် သွေးသောက်ပွဲ ထပ်မံပြုလုပ်ခဲ့ကြပါကြောင်း၊ ထိုအချိန်မှစပြီး ဗမာ့လွတ်လပ်ရေး တပ်မတော်ကြီး စတင်ပေါ်ပေါက်လာခြင်းဖြစ်ပါကြောင်း၊ တပ်မတော် စတင်ဖွဲ့စည်း ပေါ်ပေါက်လာရန် အုတ်မြစ်ချခဲ့သည့် အထက်ပါတစ်ရက်ရက်ကို တပ်မတော်နေ့အဖြစ် သတ်မှတ်ခြင်းမှာ ပိုမို သင့်တော်ပါကြောင်း၊ ၂၇-၃-၁၉၄၅ ရက်နေ့တွင် ရန်ကုန်မြို့ ဦးဝိစာရလမ်းရှိ တော်လှန်ရေး ပန်းခြံ၌ မျိုးချစ် တပ်မတော်ရဲဘော်များကို စစ်မြေပြင်သို့ထွက်ရန် စစ်သေနာပတိချုပ် ဗိုလ်ချုပ်အောင်ဆန်းမှ စုဝေးစေခဲ့ပါသည်။ မျိုးချစ်တပ်မတော်သားများကလည်း လွတ်လပ်ရေးရယူရန် စိတ်ဓာတ်အခိုင်အမာဖြင့် စစ်တေနာပတိချုပ် ဗိုလ်ချုပ်အောင်ဆန်း၏ စစ်ထွက်မိန့်ခွန်းကို နာယူခဲ့ကြပါပြီး စစ်မြေပြင်သို့ထွက်၍ ဖက်စစ်တပ်များကို တော်လှန်ကြရာ ပြည်သူလူထု၏ ပူးပေါင်းပါဝင်ကူညီမှုအင်အားဖြင့် အောင်မြင်မှုရရှိခဲ့ပါကြောင်း၊ ဖက်စစ်ဝါဒီများကို မြန်မာ့မြေပေါ်မှ တိုက်ထုတ်နိုင်ခဲ့ပြီး မတ်လ ၂၇ ရက်နေ့သည် တော်လှန်ရေးနေ့ဟု ခေါ်ဝေါ်ခဲ့ကြပါကြောင်း၊ သမိုင်းရဲ၏အမှန်တရားများကို နောင်လာနောက်သားများ အမှန် မမှားကြရန် သတိပြုကြရမည်ဖြစ်ပါကြာင်း၊ ထို့ကြောင့် မတ်လ ၂၇ ရက်နေ့ကို တပ်မတော်နေ့ဟု သတ်မှတ်ထားခြင်းအား တော်လှန်ရေးနေ့ဟု ပြန်လည်သတ်မှတ်ပေးရန် အစီအစဉ်ရှိ/မရှိ မေးမြန်းပါသည်။