(င)-ရေစကြိုမြို့နယ်အတွင်းရှိလမ်းပမ်းဆက်သွယ်မှု ခက်ခဲသောဒေသများရှိအထက်တန်းကျောင်းများတွင် ဝန်ထမ်းအိမ်ရာများဆောက်လုပ်ပေးရန်နှင့်အန္တရာယ် ရှိ ကျောင်းဆောင်များကိုပြင်ဆင်ရန်/အသစ်ဆောက် လုပ်ပေးရန်အစီအစဉ်ရှိ၊မရှိ နှင့်စပ်လျဉ်းသည့်မေးခွန်း
လမ်းပမ်းဆက်သွယ်မှုခက်ခဲသော ဒေသများရှိ အထက်တန်းကျောင်းများတွင် နယ်ဝေးဒေသက တာဝန်ကျ ဆရာ/ဆရာမများအတွက် နေရေးထိုင်ရေးကို ရွာက စီစဉ်ပေးရသည်မှာ အလွန်ခက်ခဲသည်ကို တွေ့ရှိရပါကြောင်း၊ စာသင်ခန်းတချို့ကို ခန်းဆီးလိုက်ကာများဖြင့် စီစဉ်ပေးရခြင်းသည် အခက်အခဲများ တွေ့ရှိရပါကြောင်း၊ အိမ်ထောင်သည် ဆရာ/ဆရာမများထက် အိမ်ထောင်မရှိသော ဆရာ/ဆရာမများအတွက် စီစဉ်ပေးသည့်နေရာတွင် ၎င်းတို့၏ လုံခြုံရေး၊ သန့်ရှင်းရေး၊ ဆရာ/ဆရာမများ၏ ဂုဏ်သိက္ခာနှင့်ညီစွာ နေထိုင်နိုင်ရေးအတွက် ကျေးရွာများတွင် ခက်ခဲနေပါကြောင်း၊ “ကျောင်းနေပျော်၍ စာတော်ရမည်” ဆိုသည့် ဆောင်ပုဒ်သည် ကျောင်းသူ/ကျောင်းသားများအတွက်သာမဟုတ်ဘဲ ပညာသင်ကြားပေးရမည့် ဆရာ/ဆရာမ များ တာဝန်ကျရာကျောင်းများတွင် နေပျော်ရေး၊ ကောင်းမွန်စွာနေထိုင်နိုင်ရေးအတွက် စီမံပေးရန် လိုအပ်သည်ကို လက်ခံရမည်ဖြစ်ပါကြောင်း၊ မြို့နယ်အတွင်း လမ်းပမ်းဆက်သွယ်ရေးခက်ခဲသော ဒေသများရှိ အထက်တန်းကျောင်းများတွင် နယ်ဝေးမှ တာဝန်ကျ ဆရာ/ဆရာမများအတွက် ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် အန္တရာယ်ရှိကျောင်းဆောင်များကို ပြင်ဆင်ရန်၊ အသစ်ဆောက်လုပ်ပေးရန် လုပ်ငန်းများ ဆောလျင်စွာ ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။