(ဂ)-သမဝါယမအသေးစား ငွေကြေး ဝန်ဆောင် မှုချေးငွေ လုပ်ငန်းနှင့်ပတ်သက်ပြီး ၂၀၁၆ ခုနှစ် အတွင်း (၁)နှစ် တစ်ကြိမ် တိုး/ ရင်းပေါင်း ပြန် လည်ပေးဆပ်သောစနစ်ကိုကျင့်သုံးနိုင်ရန်ဆောင် ရွက်ပေးနိုင်ခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း
မန်မာနိုင်ငံအနေဖြင့် China Excel Bank ကိုချေးငွေ၏ အတိုးရင်းပေးဆပ်ရမည့် ကာလသည် နှစ်စဉ်ဇန်နဝါရီလ ၂၁ ရက်နှင့် ဇူလိုင်လ ၂၁
ရက်နေ့ နောက်ဆုံးထားပေးသွင်းရမည်ဖြစ်သည့်အတွက် ဆိုင်းငံ့ကာလနှစ်နှစ်၊ ပြန်ဆပ်ကာလရှစ်နှစ်ဟု သဘောတူစာချုပ် ချုပ်ဆိုထားပါကြောင်း၊ သမဝါယမ ဝန်ကြီးဌာနက သမဝါယမအသေးစားငွေချေး ဝန်ဆောင်မှု ချေးငွေလုပ်ငန်း အစီအစဉ်ညွှန်ကြားလွှာ အရ နှစ်စဉ် ခြောက်လ တစ်ကြိမ် တိုးရင်းပေါင်းပြန်လည်ပေးဆပ်သည့် စနစ်ဖြစ်သည့်အတွက် တစ်သီးစားသာ စိုက်ပျိုးနိုင်သည့် ရှမ်းပြည်နယ်အတွက်ဝန်ထုပ်ဝန်ပိုးဖြစ်စေပါကြောင်း၊ ဇူလိုင်လ တွင် ပြန်လည်ပေးဆပ်ရမည့် အတိုးအရင်းပေါင်းဆပ်ရန်အချိန်သည် စိုက်ပျိုးရာသီချိန်ဖြစ်ခြင်းကြောင့် တခြား နည်းလမ်းဖြင့် ထပ်မံငွေတိုးမြှင့်ပြီး ပေးဆပ်နေရသည်ကို တွေ့ရှိရပါကြောင်း၊ သမဝါယမလုပ်ငန်း ၏ တောင်သူလယ်သမားများအား လိုအပ်သည့် အရင်းအနှီးများကို အတိုးနှုန်းသက်သာစွာဖြင့် ရရှိစေရန် လုံးဝ ဆန့်ကျင်နေပါကြောင်း၊ ဤညွှန်ကြားလွှာ ၁၆(က)တွင်လည်း မိမိတို့ဒေသအလိုက် စိုက်ပျိုးသီးနှင့် ထုတ်လုပ်သည့် ကုန်ပစ္စည်း၏ ရာသီကာလအပေါ်မူတည်ပြီး ချေးငွေထုတ်ချေးပေးရမည့်ကာလနှင့် ပြန်လည်ပေးဆပ်ရမည့်ကာလကို ဗဟိုအဆင့်လုပ်ငန်းကော်မတီသို့ တင်ပြဆောင်ရွက်ရန်ဟူ၍ ဖော်ပြထားသည်ကို ကြည့်ခြင်းအားဖြင့် အသင်းသားအကျိုးကို ရှေးရှုပြီး အဓိကထားသကဲ့သို့ ဖြစ်နေသော်လည်း လက်တွေ့တွင် သမဝါယမလုပ်ငန်း စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်နေကြောင်း ဖော်ပြမှု အတွက်သာ ငွေစနစ်ကို ကျင့်သုံးနေပြီး အသင်းသားများကို လစ်လျူရှုထားသကဲ့သို့ ဖြစ်နေပါကြောင်း၊ ကောင်းမွန်သော အုပ်ချုပ်မှုစနစ်သည် နိုင်ငံအတွက် အကျိုးရှိမည်ဆိုပါက ပြောင်းလွယ်ပြင်လွယ် ရမည်ဖြစ်သည့်အတွက် တရုတ်နိုင်ငံနှင့် မည်သို့ပင် စာချုပ်ချုပ်ဆိုထားစေကာမူ ခြောက်လတစ်ကြိမ်အစား တစ်နှစ် တစ်ကြိမ် အတိုးအရင်းပေါင်း ပြန်လည်ပေးအပ်စနစ်ကို ကျင့်သုံးမည်ဆိုပါက ရှမ်းပြည်နယ် အတွက်သာမက တစ်နိုင်ငံလုံးတွင်ရှိသော အသင်းသားများအကျိုးကို ပိုပြီး ပြုနိုင်မှာဖြစ်ပါကြောင်း၊ ထို့ကြောင့် ၂၀၁၆ ခုနှစ်အတွင်း တစ်နှစ် တစ်ကြိမ် အတိုးအရင်းပေါင်း ပြန်လည်ပေးဆပ်သည့် စနစ်ကို ကျင့်သုံးနိုင်ရန် ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။