(င)-တောင်သူဦးကြီးများ၏လိုအပ်ချက်များဖြစ်သည့် မျိုးကောင်းမျိုးသန့်များ၊ဓာတ်မြေဩဇာ၊သဘာဝမြေဩ ဇာ၊ပိုးသတ်ဆေးနှင့်စက်ယန္တရားများအပါအဝင်အခြား သွင်းအားစုများကို ဖြည့်ဆည်းဆောင်ရွက်ပေးရန်အစီ အစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း
မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး လူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်ဖြစ်သော ကျေးလက်နေပြည်သူအများစုသည် စိုက်ပျိုးရေးဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေကြရသည်ဖြစ်ပါကြောင်း၊
ယခု ပြည်သူ့အစိုးရလက်ထက်တွင် စိုက်ပျိုးရေးကဏ္ဍကို ဖွံ့ဖြိုးတိုးတက်လာရန် တောင်သူဦးကြီးများ၏ လိုအပ်ချက်များကို ပိုမိုပံ့ပိုး အလေးထားဆောင်ရွက် ဖြည့်ဆည်းပေးရန် လိုအပ်ပါကြောင်း၊ထိုသို့ဖြည့်ဆည်းဆောင်ရွက်ပေးရာတွင် မျိုးကောင်းမျိုးသန့်များ အလွယ်ကူ ရရှိရန်၊ဓာတ်မြေသြဇာ၊သဘာဝမြေသြဇာ၊ပိုးသတ်ဆေး၊မှိုသတ်ဆေး၊အားဆေးနှင့် ရေသွင်းရေထုတ်မှန်ကန်မှုကို စနစ်တကျပံ့ပိုးပေးရန်၊စိုက်ပျိုးရေလိုအပ်သည့် အချိန်တွင် လိုအပ်သော ရေကိုရရှိအောင် ဆောက်ရွက်ပေးရန်၊ထည်ရေး မြန်မြန်ညက်ညက်ရန် စက်ယန္တရားများကို လွယ်ကူရေးအတွက် ပံ့ပိုးပေးရန် အစပြု၍ ရိတ်သိမ်း ချွေ့လှေ့ချိန်အထိ စက်ယန္တရားများ ပံ့ပိုးပေးရန် စသည်များ ဆောင်ရွက်ပေးရန် လိုအပ်လျက်ရှိပါကြောင်း၊ပေါ်ဆန်းမွှေး၊ ဧရာပဒေသာ၊ ဧရာကျောက်စိမ်း စသည့်ဆန်ကောင်း မျိုးများကို စိုက်ပျိုးခဲ့သော တောင်သူများအနေဖြင့် အဆိုပါ ဆန်ကောင်းများကို စားသုံးနိုင်ခြင်း မရှိဘဲ မနောဆန်ကြမ်းမျိုးကိုသာ စားသုံးနေရသည်မှာလည်း နှစ်ပေါင်းကြာရှည်နေပြီ ဖြစ်ပါကြောင်း၊မိမိတို့နိုင်ငံတွင် လူဦးရေ တိုးတက်လာသော်လည်း စိုက်ပျိုးမြေများ တိုးချဲ့လာခြင်းမရှိသည့် အတွက် ရောဂါဒဏ် ကိုခံနိုင်ပြီး အထွက်နှုန်းကောင်းသည့် မျိုးကောင်းမျိုးသန့်များကို လွယ်ကူစွာဝယ်ယူရရှိရေးအတွက် ဆောင်ရွက်ပေးရန်၊ အရည်အသွေးပြည့်ဝသော ဓာတ်မြေသြဇာနှင့် သဘာဝမြေသြဇာများ၊ ပိုးသတ်ဆေး၊ မှိုသတ်ဆေးများ ကို ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူ ရရှိရေးအတွက်ဆောင်ရွက်ပေးရန်၊ စက်ယန္တရားများကို ဈေးနှုန်းချိုသာစွာနှင့် နှစ်ရှည်အရစ်ကျဝယ်ယူစနစ်ဖြင့် ရရှိအောင် ကူညီဆောင်ရွက်ပေးရန် တောင်သူများက မျှော်လင့်လျက်ရှိပါကြောင်း။
ထို့ကြောင့် စိုက်ပျိုးလုပ်ကိုင်ကြသော တောင်သူဦးကြီးများ၏ လိုအပ်ချက်များဖြစ်သည့် မျိုးကောင်း မျိုးသန့်များ၊ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေးနှင့် စက်ယန္တရားများအပါအဝင် အခြားသွင်းအားစုများကို ပိုမိုပံ့ပိုး၍ ဖြည့်ဆည်းဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။