(ဂ)-မန်ကျောင်းရွာအနီး ဆွတ်တီးချောင်းပေါ် ရှိ ရေလှောင်တမံအား လုံလောက်သော ရေပို လွှဲမြောင်းများတည်ဆောက်ပေးရေးမည်ကဲ့သို့ဆောင် ရွက်ပေးမည်နှင့် ဆုံးရှုံး နစ်နာသူများအား မည်သို့ ကူညီပေးမည်ကိုသိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
တန့်ယန်းမြို့နယ်၊ မိုင်းတောင်းကျေးရွာအုပ်စု၊ မန်ကျောင်းရွာအနီး၊ ဆွတ်တီးချောင်းပေါ်တွင် ခန့်မှန်းအလျားပေ ၃၀၀၊ အနံ ပေ ၃၀၊ အမြင့်ပေ
၂၀ ရှိ ရေလှောင်တမံတစ်ခုကို မန်ပန်ဌာနေ ပြည်သူ့စစ်အဖွဲ့မှ လွန်ခဲ့သော ၈ နှစ်ခန့်က တည်ဆောက်ထားသည်ကို သိရှိရပါကြောင်း၊၎င်းဆည်ကို မည်သည့်ရည်ရွယ်ချက်ဖြင့် တည်ဆောက်ထားကြောင်း ပြည်သူများထံရှင်းလင်း ပြောကြားခြင်း မရှိပါကြောင်း၊ ၎င်းဆည်တွင် ရေပိုလွှဲမြောင်းများထည့်သွင်းတည်ဆောက်ထားခြင်း မရှိသည့်အပြင် လုံလောက်သော ရေပိုလွှဲ တံခါးများ မပါသဖြင့် မိုးတွင်းရေကြီးချိန်တွင် ဆည်အထက်ဘက်ရှိ စိုက်ပျိုးထားသောလယ်များ နှစ်စဉ်ကြာရှည်စွာရေလွှမ်း၍ လယ်ဧကပေါင်း ၄၀ ကျော် ရေမြုပ်ပျက်စီး သဖြင့် မန်ကျောင်းရွာမှ လယ်သမားများ စားဝတ်နေရေး အခက်အခဲနှင့် နှစ်စဉ်ကြုံတွေ့နေရပါကြောင်း၊
သို့ဖြစ်ပါ၍ တန့်ယန်းမြို့နယ်၊ မိုင်းတောင်းကျေးရွာအုပ်စု၊ မန်ကျောင်း ကျေးရွာအနီး၊ ဆွတ်တီးချောင်းပေါ်တွင် တည်ဆောက်ထားသော ရေလှောင်တာတမံအား လုံလောက်သော ရေပိုလွှဲတံခါး၊ ရေပိုလွှဲမြောင်းများ ထည့်သွင်းတည်ဆောက်ပေးနိုင်ရေး သက်ဆိုင်ရာမှ မည်ကဲ့သို့ စီစဉ်ဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုပါကြောင်းနှင့် နှစ်စဉ်ဆုံးရှုံးနစ်နာနေသော တောင်သူ လယ်သမားများအား မည်ကဲ့သို့ကူညီဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။