(ခ)-ပင်လောင်းမြို့နယ်၊နောင်တရား၊ပင်မွန်း၊မြောက် ထီဗွာ၊ တီပေါင်းကျေးရွာအုပ်စုတို့နှင့်ဆက်စပ်လျက် ရှိသော တကူမို့- လှဲပေ- ပင်မွန်းရွာ- ထာငို ရွာကို ကတ္တရာလမ်းအဆင့် တိုးမြှင့်ပေးရန် အစီအစဉ်ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း
ပင်လောင်းမြို့နယ်သည် ပင်လယ်ရေမျက်နှာသွင်ပြင် အမြင့်ပေ ၃၀၀၀ မှ ၅၀၀၀ အတွင်း တည်ရှိပြီး အေးမြသောရာသီဥတုရှိကာ ပအိုဝ်း၊
ရှမ်း၊ မြန်မာ၊ တောင်ရိုး၊ ကယားနှင့် ကရင် စသည့် တိုင်းရင်းသားများ အေးအတူပူအမျှ ထာဝရချစ်ကြည် ရင်းနှီးစွာ နေထိုင်ကြပြီး အေးချမ်း သာယာသော မြို့နယ်တစ်မြို့နယ် ဖြစ်ပါကြောင်း၊ပင်လောင်းမြို့နယ် နောင်တရား၊ ပင်မွန်း၊ တီပေါင်း၊ ပေါအစ်နှင့် မြောက်ထီဗွာ စသည့် ကျေးရွာအုပ်စုငါးခုအတွင်းရှိ ကျေးရွာများအား ဆက်သွယ်ပေးထားသော ၁၀ မိုင်ခန့်ရှည်သည့် တကူမို့-လှဲပေ-ပင်မွန်း-ထာငိုလမ်းသည် လွန်ခဲ့တဲ့ ၁၉၆၀ ခုနှစ်ကတည်းက ကျောင်းထိုင်ဆရာတော်များ တစ်ပါးပြီးတစ်ပါး စဉ်ဆက်မပြတ် ဦးဆောင်ပြီး ဒေသခံ ပြည်သူများ၏ လုပ်အားဖြင့် မြေထုမြေသားများကို ဖယ်ရှားခြင်း၊ ကျောက်ဆောင်ကျောက်ကမ်းပါးများကို ဖြိုခွဲခြင်းတို့ဖြင့် ဖောက်လုပ်ခဲ့ရာ ယခုဆလျှင် ကျောက်ချောလမ်း အဖြစ်သို့ ရောက်ရှိနေပြီဖြစ်ပါကြောင်း၊ အဆိုပါလမ်းသည် လွှတ်တော် ရန်ပုံငွေဖြင့် လမ်းချဲ့ထွင်ခြင်း၊ န.တ.လ ရန်ပုံငွေဖြင့် တံတားများ တည်ဆောက်ပေးခြင်းတို့ကြောင့် ဒေသအတွင်း ထွက်ကုန်များဖြစ်သော လက်ဖက်၊အာလူး၊ လိမ္မော်၊ သစ်တော်၊ဒညင်း၊ ထောပတ်၊ ကြက်သွန်ဖြူနှင့် မီးဖိုချောင်သီးနှံများကို ပင်လောင်းမြို့၊ နောင်တရားမြို့၊ အောင်ပန်း၊ ကလော၊ ညောင်ရွှေ၊ လွိုင်ကော်၊ နေပြည်တော်သို့ ယာဉ်များဖြင့် ရာသီအလိုက် ပို့ဆောင်ပေး လျက်ရှိပါကြောင်း၊ထို့အပြင် ၎င်းလမ်းသည် အရှေ့အနောက်ကို သွယ်တန်းနေသော နေပြည်တော်-ပင်လောင်း-ညောင်ရွှေ-ကျောက်တစ်လုံး စသည့် ပြည်ထောင်စုလမ်းမနှင့်လည်းကောင်း တောင်၊ မြောက်ဆက်သွယ်ပေးသော လွိုင်ကော်-ပင်လောင်း -အောင်ပန်း ပြည်ထောင်စုလမ်းမကြီးနှင့် လည်းကောင်း၊ တြိဂံ၏အနားတစ်ဖက် လိုဆက်သွယ်ပေးနေတဲ့ ကုန်ထုတ်လမ်းမကြီးတစ်ခုလည်း ဖြစ်ပါကြောင်း၊ ထိုလမ်းကြောင့် တောင်သူလယ်သမားများ၏ လူနေမှုလိုအပ်ချက်ဖြစ်သော ပညာရေး၊ ကျန်းမာရေးတို့ကိုလည်း ပြည့်စုံစေသည့် အပြင် ကျေးရွာတိုင်း ကိုယ့်အားကိုယ်ကိုးဖြင့် ၂၄ နာရီမီးလည်း ရရှိနေပြီးဖြစ်ပါကြောင်း၊ ထို့ကြောင့် အဆိုပါကုန်ထုတ်လမ်းအား ကတ္တရာ လမ်းအဖြစ်သို့ မြှင့်တင်ပေးရန် အစီအစဉ်ရှိ/မရှိ နှင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် တွင် ရန်ပုံငွေ ထည့်သွင်းလျာထားခြင်းရှိ/မရှိ သိလိုကြောင်း ပြောကြားပါသည်။