(င)-တောင်သူများအတွက်ဝန်ထုပ်ဝန်ပိုးမဖြစ်စေ ဘဲ ခေတ်ကာလနှင့်လျော်ညီသော မြေခွန်နှုန်းထား များ ပြင်ဆင် သတ်မှတ်ကောက်ခံရန် အစီအစဉ်ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့်မေးခွန်း
နိုင်ငံတော်က မြေယာအပေါ် ကောက်ခံသောအခွန်ငွေများနှင့်ပတ်သက်၍ မြို့နယ် အဆင့် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းဦးစီးဌာနက မြေခွန်ပြေစာတွေ ရေးသားပြီး မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနက ကောက်ခံရပါကြောင်း၊
မြေခွန်နှုန်းထားများနှင့် ပတ်သက်၍ ကောက်ကြီးခွန်မှာ R-1 သုံးကျပ်နှင့် ၂၅ ပြား၊ R-2 က ၁ ကျပ်နှင့် ၇၅ ပြား၊ R-3 က ၁ ကျပ်၊ ကိုင်းမူရင်းခုံက ၁ ကျပ်နှင့် ပြား ၅၀၊ ၂ ကျပ်နှုန်း၊ ရော်ဘာခွန်က ၁ ကျပ်နှင့် ပြား ၅၀ နှုန်း၊ မြို့မြေခွန်တော်က ၂၅ ပြားနှုန်းနှင့် မြို့မြေငှားခွန်က ၃ ကျပ်နှုန်းဖြင့် ကောက်ခံလျက်ရှိပါကြောင်း၊ အဆိုပါနှုန်းများသည် ၁၉၈၂ ခုနှစ်မှ ယခုအချိန်အထိ ပြောင်းလဲမှုမရှိပါကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ပြင်ဆင် ပြောင်းလဲမှုမလုပ်နိုင်သည့်အတွက် မြေခွန်ပြေစာတစ်စောင်၏တန်ဖိုးက ကျပ် ၁၀ ဂဏန်းခန့်သာ ကျသင့်ပြီး ကောက်ခံရသောကျေးရွာတစ်ခု၏ မြေခွန်ပြေစာပေါင်းက တချို့နေရာများတွင် ကျပ် ၁၀၀၀ တန်ဖိုးတောင် မရှိခြင်ကြောင့် မြေခွန်ပြေစာကောက်ခံသော တာဝန်ရှိရပ်/ကျေးစာရေးတွေ က ကောက်ခံခြင်း မပြုဘဲ အခွန်ငွေများကို စိုက်သွင်းပြီး ပြေစာ ပေးဝေခြင်းများ မလုပ်သည့်အတွက် နှစ်ကာလကြာလာသည့်အခါတွင် မလိုလားအပ်သောမြေယာပိုင်ဆိုင်မှု အရှုပ်အရှင်းများဖြစ်ပေါ်လာပါကြောင်း၊
ပြေစာပါတန်ဖိုးများသည် သက်ဆိုင်ရာအခွန်အကောက်လုပ်ငန်း၏ စာရွက်စာတမ်းတန်ဖိုးတောင် ပြန်မရနိုင်သည်ကို တွေ့ရှိရပါကြောင်း၊ မြေခွန်ရငွေနှင့် ပတ်သက်၍ ဥပမာအနေဖြင့် တင်ပြရမည်ဆိုပါက လှိုင်းဘွဲ့မြို့နယ်တွင် အခွန်အကောက်ရသည့် မြေဧက ၁၇၀၀၀၀ ခန့်ရှိပြီး အခွန်ငွေသည် သုံးသိန်းကျော်ခန့်သာ ရရှိသည်ကိုတွေ့ရှိရပါကြောင်း၊ မြေခွန်နှုန်းထားများကို ခေတ်ကာလနှင့်အညီ တောင်သူနှင့် ပြည်သူများ ဝန်ထုပ်ဝန်ပိုးမဖြစ်စေနိုင်သော လက်ရှိနှုန်း၏ အဆ ၅၀၊ ၁၀၀ခန့် နှုန်းခန့်သာ မြှင့်တင်ပြင်ဆင်ကောက်ခံမည်ဆိုပါက သက်ဆိုင်ရာပြေစာများသည် သက်ဆိုင်သူ လက်ထဲ နှစ်စဉ် ပုံမှန်ရောက်ရှိလာမှာဖြစ်ပြီး ပေးရမယ့်အခွန်ငွေများအတွက် အဆင်ပြေမည့် ငွေတန်ဖိုး ဖြစ်မည်ဖြစ်သည့် အတွက် အဆင်ပြေချောမွေ့မည်ဟု ယူဆရပါကြောင်း၊ ထို့ကြောင့် ကောက်ခံနေသည့် အခွန်နှုန်းထားတွေကို ခေတ်ကာလနှင့်အညီ တောင်သူနှင့် ပြည်သူများ ဝန်ထုပ် ဝန်ပိုးမဖြစ်စေသော နှုန်းထားနဲ့ တိုးမြှင့်ကောက်ခံဖို့ အစီအစဉ်ရှိ/မရှိနှင့် ပြင်ဆင်ကောက်ခံမည်ဆိုပါက မည်သည့်ဘဏ္ဍာနှစ်တွင် စတင်ပြောင်းလဲပြင်ဆင်ရန် အစီအစဉ်ရှိသည်ကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။