(ဂ)-ပျော်ဘွယ်မြို့နယ်၊ ကျောက်ဆည်ကျေးရွာအနီး ရှိ ကျောက်ဆည်ကန်၏သဲနုန်းများတူးဖော် ခြင်းကို အကောင်အထည်ဖော်ဆောင်ရွက် ပေးနိုင်ခြင်း ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

2021-01-04

အရှေ့ဘက် ကျောက်ဆည်ကျေးရွာအုပ်စု ကျောက်ဆည်ရွာအနီးတွင် ကျောက်ဆည်ကန်ရှိပါကြောင်း၊ ီ ကျောက်ဆည်ကန်အနီးပတ်ဝန်းကျင်ဦးသောင်းအေးရှိ ကျေးရွာလူထုက သောက်သုံးရေနှင့် စိုက်ပျိုးရေပါ အသုံးပြုအားထားနေရ သည့် ကန်တစ်ခု ဖြစ်ပါကြောင်း၊ ရေကန်တွင် နှစ်စဉ်ပျမ်းမျှ ရေစီးဝင်နှုန်းသည် ဧကပေ ၁၄၀၀၀ ခန့် ရှိပါကြောင်း၊ ရေသိုလှောင်မှုပမာဏနှင့် ပတ်သက်ပြီး ၆၂၅၀ ဧကပေရှိပါကြောင်း၊ စိုက်ပျိုးမြေ၊ ဆည်ရေသောက် ဧရိယာ ၇၉၇၇ ရှိပါကြောင်း၊ ယခုအချိန်တွင် ကျောက်ဆည်ကန်သည် ကာလသက်တမ်းလွန်စွာ ရှည်ကြာနေပြီဖြစ်သည့်အတွက် သဲနုန်းများ ပို့ချလျက်ရှိပါကြောင်း၊ ထို့ကြောင့် လက်ရှိအနေအထားတွင် ရေသိုလှောင်နိုင်သည့် ပမာဏသည် ၃၁၁၅ ဧကပေသာ ရှိပါကြောင်း၊ နှစ်စဉ်ပျမ်းမျှ စိုက်ပျိုးမြေ ဧကသည် မိုးစပါး ၁၇၆၅ ဧကနှင့် နွေစပါး ၃၅၀ ခန့်သာ စိုက်ပျိုးနိုင်သည့် အနေအထားဖြစ်ပါကြောင်း၊ ယင်းရေကန်ကြီးကို သဲနုန်းရာနှုန်းပြည့် တူးဖော်မည်ဆိုပါက သက်ဆိုင်ရာဝန်ကြီးဌာန၊ ဆည်မြောင်းဦးစီးဌာန၏ တွက်ချက်မှုအရ ငွေကျပ်သန်းပေါင်း ၁၆၀၀၀ ခန့် ကုန်ကျမည်ဖြစ်ပါကြောင်း၊ ယင်းကန်နှင့် ပတ်သက်ပြီး ယခင် အစိုးရလက်ထက်တွင် နိုင်ငံတော်သမ္မတ၏ အထူးရန်ပုံငွေမှ ကျပ်သန်း ၆၀၀၀ ခန့် ကြိုတင်ခွင့်ပြုပေးခဲ့သည်ဟု သိရှိရပါကြောင်း၊ သို့သော် ယခုအချိန်တွင် သဘာဝဘေးဒဏ်များ ပေါ်ပေါက်လာသည့်အတွက် ယင်းခွင့်ပြုငွေသည် သဘာဝဘေးကူညီ ကယ်ဆယ်ရေးကို လွှဲပြောင်းသုံးစွဲ ခဲ့ရသည့်အတွက် အကောင်အထည် မဖော်နိုင်ခဲ့ပါကြောင်း၊

သို့သော် အားလုံးညှိနှိုင်းဆောင်ရွက်မှုအရ ပြီးခဲ့သည့်နှစ်က ဆည်မြောင်းဦးစီးဌာန  အစီအစဉ်ဖြင့် ကန်ပေါင်ဘေးပတ်လည်ရှိ သဲနုန်းများကို ပြန်လည်တူးဖော်ခြင်းနှင့် ရေကျော်၊ ရေလွှဲနေရာတွင် ပြန်လည်တူးဖော်မှုဧကပေ ၁၂၃၇၀ ခန့် တူးဖော်နိုင်ခဲ့ပါကြောင်း၊ ယခုနှစ် မိုးရာသီတွင် မိုးရေလုံလောက်စွာရပါကြောင်း၊ သို့သော် သဲနုန်းတွေပြည့်နေသည့်အတွက် သိုလှောင်နိုင်မှုမရှိဘဲ ရေပိုလွှဲမှ ရေများ လျှံကျပြီး ကန်ခြေအောက်ရှိ ပုတီးကုန်းအလယ်ရွာနှင့် မြောက်ရွာတို့တွင် အိမ်ခြေ ၃၀ ခန့် ရေနစ်မြုပ်ခဲ့ရပါကြောင်း၊ ၎င်းရေကန်ကြီးကို မူလအခြေအနေအတိုင်း ပြန်လည်တူးဖော်မည်ဆိုပါက ငွေကြေးကုန်ကျမှုပမာဏ များနေသည်ကို သိမြင်ရပါကြောင်း၊ သို့သော် လုပ်ငန်းပမာဏ၏ ထက်ဝက်ခန့်ကို တွက်ချက်ကြည့်ရာတွင် မိုးစပါးဧက ၃၅၃၀ နှင့် နွေစပါးဧက ၇၀၀ စုစုပေါင်း ၄၂၃၀ ခန့် စိုက်ပျိုးနိုင်မည့် အနေအထားဖြစ်သည့်အတွက် အတိုင်းအတာတစ်ခုအထိ အဆင်ပြေမည်ဟု တွေ့ရပါကြောင်း၊ ထို့ကြောင့် ပျော်ဘွယ်မြို့နယ်၊ ကျောက်ဆည်ကန်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာလူထု၏ သောက်သုံးရေဖူလုံမှု၊ စိုက်ပျိုးရေဖူလုံမှုနှင့် သဘာဝဘေးအန္တရာယ်မှ ကင်းလွတ်ရန်အတွက် ကျောက်ဆည်ကန်ကြီး၏ သဲနုန်းတူးဖော်ခြင်းကို ဆောင်ရွက်ပေးနိုင်သည့် အစီအစဉ် ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။