(ခ)-ဒီပဲယင်းမြို့နယ်အတွင်းရှိ ညောင်လှကျေးရွာနှင့် ရွှေဘို-မုံရွာ ခရိုင်ချင်းဆက်လမ်းအထိ ၁၂ မိုင်ခန့်ရှည်လျားသော မရကန်မြောင်းခွဲပေါ်ရှိ ဆည်မြောင်းဌာနပိုင်လမ်းကို ရာသီမရွေးသွားလာနိုင်သည့် လမ်းအဖြစ်အဆင့်မြှင့်တင်ပေးရန် အစီအစဉ်ရှိ၊ မရှိနှင့် စပ်လျဉ်းသည့်မေးခွန
ဒီပဲယင်းမြို့နယ်အတွင်းတွင် မုံရွာ-ရေဦး-တန့်ဆည် ပြည်ထောင်စုလမ်းမကြီးမှ ရွှေဘို-မုံရွာခရိုင်ချင်း ဆက်ကတ္တရာလမ်း ဆည်မြောင်းဦးစီးဌာနအခေါ်အားဖြင့် မရကန်မြောင်းခွဲဟုခေါ်ဆိုသော ညောင်လာ တူးမြောင်းလမ်းကို ရာသီမရွေး သွားလာနိုင်သည့်လမ်း အဖြစ် အဆင့်မြှင့်တင်ပေးနိုင်ပေး ရန်နှင့် စပ်လျဉ်း၍ မေးမြန်းလိုခြင်း ဖြစ်ပါကြောင်း၊ အဆိုပါဒေသသည် တောင်သူလယ်သမားအားလုံးသည် ညောင်လာတူးမြောင်းပေါင်လမ်းကိုသာ မှီခိုအသုံးပြုကြရပါကြောင်း၊ သို့သော်လည်း မိုးရာသီဆိုပါက ဆိုင်ကယ်ပင် သွားရန်လာရန် ခက်ခဲသည့် အခြေအနေမျိုး ဖြစ်လာပါကြောင်း၊
ပြည်ထောင်စုလွှတ်တော်ရန်ပုံငွေက ကျေးရွာချင်းဆက်လမ်းလေးတွေ၊ ရွာတွင်းလမ်းလေးများကို ပြင်ဆင်ရန် ရန်ပုံငွေ သိန်း ၂၀၊ ၃၀ ချပေးခဲ့သော်လည်း ရွာအများစုသည် သိန်း ၂၀၊ ၂၅ ၊ ၅၀၊ ၁၀၀ စသည်ဖြင့် ဝိုင်းဝန်း ပံ့ပိုးပြီးလမ်းများကောင်းအောင် ဖြည့်ဆည်းဆောင်ရွက်ကြရပါကြောင်း၊
ညောင်လာတူးမြောင်းပေါ်ရှိ ညောင်လှရွာသည် ရေဦးမှ ၆ မိုင်ကတ္တရာလမ်းရှိပါကြောင်း၊ ညောင်လှမှ ညောင်လှ-ငါးမြှားလမ်းကို ရှေးဆက်ပြီး သွားရမည့် တူးမြောင်းပေါ်တွင် လမ်းကောင်းကောင်း ဖောက်ပေးနိုင်မည်ဆိုပါက အဆင်ပြေမည့်ဖြစ်ပါကြောင်း၊ ပြည်သူ လူထုနှင့်တွေ့ဆုံ ရာတွင်လည်း ဆည်မြောင်းမုံရွာလမ်းကို ရာသီမရွေးသွားလာနိုင်သည့် လမ်းဖြစ်ရန်ကို ဝိုင်းဝန်းဆွေးနွေးကြပါကြောင်း၊ သယ်တောနှင့် သရက်ကံကြားကလမ်းသည်လည်း မိုးတွင်းရောက်ပါက သွားလာနိုင်ခြင်း မရှိပါ ကြောင်း၊ ထို့ကြောင့် ဆေးရုံ၊ ဆေးခန်းသွားရန် ခက်ခဲခြင်း၊ ဆန်၊ စပါးရောင်းချရာတွင် ဈေးအနှိမ် ခံရခြင်း၊ စားသောက်ကုန်ပစ္စည်း၊ ဆောက်လုပ်ရေးပစ္စည်းနှင့် လယ်ယာသုံး အထူးသဖြင့် ဓာတ် မြေသြဇာအိတ်များသည် သယ်ယူစရိတ်ကြောင့် ဈေးမြင့်ခြင်း၊ လမ်းမကောင်းသည့်အတွက် လယ် သမားများ၏ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး အစစအရာရာတွင် နောက်ကောက်ကျနေခြင်းများ ကြောင့် ရာသီမရွေးသွားလာနိုင်သည့် လမ်းဖြစ်ရန် လိုအပ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ညောင်လှ-သဲတော-သရက်ကံ-ဖုတ်တတော လမ်းဆုံအထိ ၁၁.၈၂ မိုင်ရှည်သည့် လမ်းကို ဆည်မြောင်းဦးစီးဌာနမှ တာဝန်ယူပြီး ရာသီမရွေး သွားလာနိုင်သည့် ကွန်ကရစ်လမ်း သို့မဟုတ် ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင်ပေးနိုင်ခြင်းရှိ/မရှိ၊ အစီအစဉ်ရှိပါက ယခုနှစ်မိုးရာသီအချိန်မီဆောင်ရွက်နိုင်ခြင်းရှိမရှိနှင့် မည်သည့်အချိန်တွင် ဆောင်ရွက်ပေးနိုင် မည်ဆိုသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။