(စ)-အခြေခံလူတန်းစားများနှင့်ကျေးလက်နေပြည် သူများ၏လူမှုဘဝအထောက်အကူပြုနိုင်သည်အထိ ငါးသယံဇာတရှားပါးနေသော အင်းအိုင်များသို့ငါး မျိုးစိတ်စိုက်ထည့်ပေးရန် အစီအစဉ်ရှိ/မရှိ နှင့်စပ် လျဉ်းသည့် မေးခွန်း
မြန်မာနိုင်ငံသည် မြစ်ချောင်း အင်းအိုင်ပေါများပြီး ငါးသယံဇာတအလွန်ပေါများသောနိုင်ငံ ဖြစ်ပါ ကြောင်း၊ ကျေးလက်နေပြည်သူများအနေဖြင့် မြစ်ချောင်းအင်းအိုင်များတွင် သဘာဝ အလျှောက် ရှင်သန်ပေါက်ဖွားနေသော ငါး၊ ပုစွန်များကို ဖမ်းယူပြီး ကျေးလက်နေ လူနေမှုဘဝ၏ ဟင်းလျာ အဖြစ်စားသောက်နေထိုင်သော ဓလေ့များရှိကြပါကြောင်း၊
ယခုအခါ လူဦးရေထူထပ်လာခြင်း၊ စီးပွားရေး ကြပ်တည်းလာခြင်းတို့ကြောင့် ငါး၊ ပုစွန်များကို နည်းမျိုးစုံဖြင့် ဖမ်းယူစားသောက်လာကြပါကြောင်း၊ အထူးသဖြင့် ငါးသယံ ဇာတရှားပါးလာခြင်း၏ အဓိကအကြောင်းအရင်းဖြစ်သည့် ဘတ်ထရီဖြင့် ရှော့တိုက် ဖမ်းဆီးခြင်းကို ကချင်ပြည်နယ် တွင်သာမက မြန်မာနိုင်ငံအနှံ့တွင် ပြုလုပ်လာကြပါကြောင်း၊
ပညာပေးဟောပြောခြင်း၊ စည်းကမ်းချက်ထုတ်ပြန်ပြီး တားမြစ်ခြင်းပြုသော်လည်း လိုက်နာမှု အားနည်းသည်ကို တွေ့ရှိရပါကြောင်း၊ စည်းကမ်းသတ်မှတ်ချက်များသာ ထုတ်ပြီး ဖြည့်ဆည်း ဆောင်ရွက်ပေးခြင်းမရှိပါက စည်းကမ်းလိုက်နာမှု အားနည်းနိုင်ပါကြောင်း၊ သို့ဖြစ်ပါ၍ ငါးသားပေါက် ချိန်၊ ငါးသားပေါက်များစိုက်ထည့်ပေးခြင်းနှင့်အတူ ပညာပေးစည်းရုံးခြင်း နှင့် စည်းကမ်းချက်များကိုပါ ထုတ်ပြန်ပါက ရှော့တိုက်မှုနည်းပါးလာကာ လိုက်နာမှုလည်း ရှိလာမည် ဖြစ်သည့်အပြင် စစ်ဆေး တားမြစ်ရန်လည်း အထောက်အကူဖြစ်စေမည်ဟု ယူဆပါကြောင်း၊
သို့ဖြစ်ပါ၍ နိုင်ငံတစ်ဝန်းရှိ ကျေးလက်နေပြည်သူများ၏ လူမှုဘဝအထောက်အကူပြုနိုင်သည်အထိ ရည်ရွယ်ပြီး ငါးသယံဇာတရှားပါးနေသော မြစ်ချောင်းအင်းအိုင်များသို့ ငါးမျိုးစိတ်များကို နှစ်စဉ်စိုက်ထည့်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။