(က)-လဟယ်မြို့နယ်၊တိုက်ယံကျေးရွာနှင့်အံပေါ်ရွာ တစ်လျှောက်ရှိလယ်မြေများပြန်လည်ဖော်ထုတ်ခြင်း၊ အသစ်ဖော်ထုတ်ခြင်းလုပ်ငန်းများလုပ်ဆောင်နိုင်ရန် စက်ယန္တရားများ၊နည်းပညာရှင်များနှင့်လိုအပ်သော ရန်ပုံငွေပံ့ပိုးပေးရန်အစီအစဉ်ရှိ၊မရှိသိလိုခြင်းမေးခွန်း

2021-01-04

ဦးသက်နောင်လဟယ်မြို့နယ်ရှိ ဒေသခံပြည်သူများ၏ အဓိကအသက်မွေး ဝမ်းကျောင်းမှုသည် ရွှေ့ပြောင်း တောင်ယာစနစ်ဖြစ်ပြီး လှေခါးထစ်စပါးစိုက်ပျိုးခြင်း၊ လယ်လုပ်ကိုင်ခြင်းနှင့် နှစ်ရှည်ပင် သီးနှံစိုက်ပျိုးခြင်းတို့ ဖြစ်ပါကြောင်း၊ ရွှေ့ပြောင်းတောင်ယာစနစ်ကို အဓိက အားထားနေခြင်း  ကြောင့် ၂၀၁၆ ခုနှစ် မတ်လတွင် ထုတ်ပြန်သော ဒေသဆိုင်ရာ ကိန်းဂဏန်းအရ လဟယ်မြို့နယ်၏ ဝမ်းစာဖူလုံမှုကတော့ ၆၀ ရာခိုင်နှုန်းသာရှိပါကြောင်း၊ထို့အပြင် လဟယ်မြို့နယ်၏ သစ်တောပြုန်းတီးမှုပမာဏကို ပညာရှင်အချို့နှင့် အဖွဲ့အစည်းအချို့၏ ၂၀၀၂ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ စစ်တမ်းအရ နှစ်စဉ်သစ်တောပြုန်းတီးမှုပမာဏသည် ဝ.၆၉ ရာခိုင်နှုန်းဟု ဖော်ပြထားပါကြောင်း၊ ထို့ကြောင့် ဒေသအတွင်း စားနပ်ရိက္ခာဖူလုံရန် အရေးတကြီး လိုအပ်နေ သကဲ့သို့ တစ်ဖက်တွင်လည်း သစ်တောနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရန် လိုအပ်နေပါ ကြောင်း။

ဒေသအတွင်း စားနပ်ရိက္ခာဖူလုံနိုင်ရေးအတွက် ဖြစ်နိုင်ခြေရှိသော တိုက်ယံနှင့် အံပေါ်ကျေးရွာ တစ်လျှောက် လယ်ယာများ ဖော်ထုတ်ခြင်းလုပ်ငန်းများဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာ အစိုးရဌာနမှ စက်ယန္တရားများ၊ နည်းပညာများနှင့် လိုအပ်ရန်ပုံငွေတွေ ပံ့ပိုးပေးရန် အစီအစဉ်ရှိ/မရှိ၊ အစီအစဉ်ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် စတင်ဆောင်ရွက်ပေးမည်နည်း၊ ဒေသနှင့် ကိုက်ညီသော စိုက်ပျိုးမွေးမြူရေးစနစ် ပိုမိုအားကောင်းလာရန်နှင့် လိုအပ်သောနည်းပညာများနှင့် သွင်းအားစုများ ကူညီဆောင်ရွက်ပေးရန် မည်သို့သော အစီအမံများ ထားရှိပါသည်နှင့် အစီအစဉ်မရှိပါက မည်သည့်အတွက်ကြောင့် ဖြစ်သည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။