(ဃ)-အတိုးနှုန်းများစွာဖြင့် ငွေတိုးပေးစားနေသော လိုင်စင်ရကုမ္ပဏီများနှင့်လူပုဂ္ဂိုလ်တို့အားအရေးယူ ရန်နှင့် မြန်မာ့အသေးစား ငွေရေးကြေးရေးကြီးကြပ် စစ်ဆေးရေးလုပ်ငန်း၏ညွှန်ကြားချက်ကိုလိုက်နာခြင်း ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

2021-01-04

ဦးသိန်းထွန်းဦး (အမရပူရ)အသေးစားငွေရေးကြေးရေး လုပ်ငန်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများ၊ အသေး စား ငွေရေးကြေးရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီ၏ ညွှန်ကြားချက်အမှတ် ၁/၂၀၁၁၊ ၂/၂၀၁၁နှင့် မြန်မာ့အသေးစား ငွေရေးကြေးရေးကြီးကြပ် စစ်ဆေးရေး လုပ်ငန်း ညွှန်ကြားချက်အမှတ် ၁/၂၀၁၁ တို့ဖြင့် အသေးစားငွေရေးကြေးရေး အဖွဲ့အစည်း အမျိုးအစားအလိုက် အပ်ငွေလက်ခံခြင်းမပြုသည့် အဖွဲ့အစည်း၊ အပ်ငွေလက်ခံသည့် အဖွဲ့အစည်းတို့ဖြင့် လုပ်ထုံးလုပ်နည်းအပိုဒ် ၂၅ အရ လျှောက်ထားနိုင်သည့် အဖွဲ့အစည်းအသီးသီးက ဥပဒေနှင့်အညီ လိုင်စင်ရ ယူ ဆောင်ရွက်လျက်ရှိကြပါကြောင်း၊ အချို့သောကုမ္ပဏီများသာ လုပ်ငန်းလိုင်စင်များဖြင့် အသေးစား ငွေရေးကြေးရေးလုပ်ငန်း ကြီးကြပ်မှုကော်မ တီ ညွှန်ကြားချက်အမှတ် ၁/၂၀၁၁ အပိုဒ် ၅၊ အပိုဒ်ခွဲ(ခ) အပိုဒ်ခွဲငယ် (၁)တွင် သတ်မှတ်အတိုးနှုန်းများဖြစ်သည့် ကျပ် ၁၀၀ လျှင် တစ်လ ၂ ကျပ်၊ ပြား ၅၀၊ တစ်နှစ်လျှင် ၃၀ ကျပ်နှုန်းထက်ပိုမိုသော အတိုးနှုန်းများသတ်မှတ်ထားသော်လည်း ပြည်သူလူထုကို ငွေတိုးပေးစားပြီး အသေးစားငွေရေးကြေးရေး လုပ်ငန်းလိုင်စင်ကို အကာအကွယ်ပြု အသုံးချဆောင်ရွက်နေပြီး လစဉ် အစီရင်ခံစာများကို လိမ်လည်၍ ဆောင်ရွက်လျက်ရှိနေပါကြောင်း၊ သို့ဖြစ်ပါ၍ အသေးစား ငွေရေးကြေးရေး လုပ်ငန်းလိုင်စင်များကို ငွေတိုးချေးစားခွင့်ရလိုင်စင်ကဲ့သို့ ပြည်သူများအပေါ် နည်းမျိုးစုံအသုံးချပြီး အတိုးနှုန်းများစွာဖြင့် ငွေတိုးပေးစားနေကြသော လုပ်ငန်းလိုင်စင်ရ ကုမ္ပဏီများနှင့် လူပုဂ္ဂိုလ်တို့အား မည်ကဲ့သို့ အရေးယူ ဆောင်ရွက်ပါမည်နည်း။

အသေးစားငွေရေးကြေးရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီအနေဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျော့ချရေး လုပ်ငန်းအပေါ်မည်သည့် အတိုင်းအတာထိ အထောက်အကူပြုဆောင် ရွက်နိုင်ပေးမည်နည်း။

တာဝန်ရှိသူများက လုပ်ငန်းလိုင်စင်အရ ကုပ္မဏီများကို သက်ဆိုင်ရာရုံးများမှ လစဉ်ပေးပို့သည့် အစီရင်ခံစာတွင် ပါရှိသည့်အတိုင်း စည်းမရှိစစ်ဆေးခြင်းနှင့် အခြားစစ်ဆေးမှုများကို (၁) နှစ်လျှင် အကြိမ်မည်မျှ စစ်ဆေးခဲ့သည်နှင့် မြန်မာ့အသေးစားငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေး လုပ်ငန်း ညွှန်ကြားချက်အမှတ် ၁/၂၀၁၁ နှင့်အညီ လိုင်စင်ရအဖွဲ့အစည်းအသီးသီးက တိကျစွာ လိုက်နာဆောင်ရွက်ခြင်းရှိ/မရှိ၊ မရှိခဲ့လျှင် မည်ကဲ့သို့ အရေးယူဆောင်ရွက်မှုများရှိခဲ့သည်နှင့် အရေးယူဆောင် ရွက်မှု စုစုပေါင်းမည်မျှ ရှိခဲ့သည်တို့ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။