(ခ)အောင်ဘာလေသိန်းဆုလက်မှတ် ပြင်ပရောင်းဈေးမှာ ၅၀%ခန့် ကြီးမြင့်နေသည်ကိုပြုပြင်ရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

2021-01-04

ဦးဝင်းမြင့် (မြင်းခြံ )ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ အောင်ဘာလေ သိန်းဆု ဌာနခွဲမှ လစဉ် ၁ ရက် နေ့တိုင်း အောင်ဘာလေထီဆု ဖွင့်ပွဲများကျင်းပရန် ဆုလက်မှတ် တစ်စောင်လျှင် ၂၀၀ ကျပ်နှုန်း၊ (၁၁) စောင်ပါတစ်အုပ်လျှင် ၂၀၀၀ ကျပ်နှုန်းဖြင့် လစဉ် လဆန်း (၁) ရက်နေ့တိုင်း ထီလက်မှတ်များကို စတင်ရောင်း ချလျက်ရှိပြီး ရောင်းချသူများအား အမြတ်ငွေ ၁၀ ရာခိုင်နှုန်း ရရှိစေသော အခွင့် အလမ်းများပေးထားသည်ကို တွေ့ရှိရပါသည်။  အောင်ဘာလေ သိန်းဆုဌာနခွဲ အနေဖြင့် လက်မှတ်ရောင်းရငွေ၏ ၆၀ ရာခိုင်နှုန်းကို ဆုအဖြစ်ခွဲဝေပေးပြီး ကျန် ၄၀ ရာခိုင်နှုန်းနှင့် လာရောက်မထုတ်ယူသည့် ဆုငွေများကို နိုင်ငံတော်ဘဏ္ဍာငွေအဖြစ် ရယူကြောင်း လေ့လာတွေ့ရှိရပါသည်။ ယင်းအမြတ်ငွေများမှာ တိုင်းပြည်၏ ပညာရေး၊ ကျန်းမာရေး၊ အခြေခံအဆောက်အဦများဖွံ့ဖြိုးတိုးတက်ရေး သုံးစွဲသော ဘဏ္ဍာငွေဖြစ်သည့်အတွက် နိုင်ငံသားများမှလည်း လိုလားစွာ အားပေးနေ ကြပါသည်။ ပြီးခဲ့သော စက်တင်ဘာလ ၁ ရက်နေ့တွင် ဆုအက္ခရာကို ၃၅ လုံး အထိ ထုတ်ဝေရောင်းချခဲ့သော်လည်း ရောင်းဈေးနှုန်း ၂၀၀ ကျပ်ဖြင့် ဝယ်ယူရရှိနိုင်ခြင်းမရှိဘဲ ပြင်ပဈေးကွက်တွင် တစ်စောင်ကို ၂၅၀မှ ၃၅၀ ကျပ်အထိ ၅၀ ရာခိုင်နှုန်းခန့် အမြတ်ကြီးပေး ဝယ်ယူနေရကြောင်း၊  ဖြန့်ချိရောင်းချမှု မမှန်သေးကြောင်းကို ပြည်သူ့များထံမှ ကြားသိနေရပါသည်။ သို့ဖြစ်ပါ၍ နိုင်ငံတော်ဘဏ္ဍာငွေ တိုးတက်ရ ရှိရေး၊ နိုင်ငံသားများ စိတ်ချမ်းမြေ့စွာဖြင့် အောင်ဘာလေသိန်းဆု လက်မှတ်များ ဈေးနှုန်းသက်သာစွာ ဝယ်ယူရ ရှိနိုင်ရေး၊ ပြည်ပဈေးကွက်တွင် နှစ်ပေါင်းများစွာ ကုမ္ပဏီအဖွဲ့အစည်းအချို့မှ ချုပ်ကိုင် ချယ်လှယ်၍ ၅၀ ရာခိုင်နှုန်း ခန့် ဈေးနှုန်း မြှင့်တင်ရောင်းချနေမှုများ ပပျောက်နိုင်ရေး၊ ရိုက်နှိပ်ဖြန့်ချိရောင်းချရာတွင် ကောင်းမွန် မှန်ကန်သော စနစ်တစ်ခုကို ဘဏ္ဍာရေးဝန်ကြီးဌာနမှ ကျင့်သုံးရန် အစီအစဉ်ရှိ/မရှိတို့ကို သိရှိလိုကြောင်း မေးမြန်းပါသည်။