(က)-စစ်ကိုင်းမြို့တွင် ကွန်ပျူတာတက္ကသိုလ်တစ်ခု တည်ဆောက်ဖွင့်လှစ်ပေးရန်အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း
စစ်ကိုင်းတိုင်းဒေသကြီး၏ မြို့တော်တစ်ခုဖြစ်သော စစ်ကိုင်းမြို့သည် ရှေးမြန်မာ မင်း အဆက်ဆက် နန်းစိုက်ခဲ့ရာ မြို့တော် ဖြစ်ပြီး နယ်ချဲ့ခေတ်၊ ဖက်ဆစ်ဂျပန်ခေတ်၊ ဖဆပလအစိုးရခေတ်၊ ဆိုရှယ်လစ်ပါတီခေတ်၊ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အစိုးရခေတ်စသည့် ခေတ်အဆက်များတွင် တိုင်းမြို့တော်ကြီး အဖြစ် တိုင်းရုံးပေါင်းစုံ ရုံးစိုက်ခဲ့ပြီး စည်ကားခဲ့သော မြို့ကြီးတစ်မြို့လည်းဖြစ်ပါသည်။ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီခေတ် ၂၀၀၀ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့မှ စပြီး စစ်ကိုင်းမြို့ရှိ တိုင်းရုံးများကို စစ်ကိုင်းတိုင်း အတွင်းရှိ ခရိုင်မြို့တစ်မြို့ဖြစ်သော မုံရွာမြို့သို့ အမြင့် ၄ မြင့် အရဟုဆိုကာ ပြောင်းရွှေ့ရုံးစိုက်ခဲ့ပါသည်။ ထိုအချိန်မှစ၍ စစ်ကိုင်းမြို့သည် ဖွံ့ဖြိုးတိုးတက်မှုများ နိမ့်ကျပြီး သာမန်မြို့ငယ်လေး တစ်ခု ဖြစ်လာခဲ့ပါသည်။
သို့သော်လည်း ယခုအစိုးရသစ် လက်ထက်တွင် သမ္မတကြီး၏လမ်းညွှန်မှုဖြင့် စစ်ကိုင်းမြို့တွင် ဝိဇ္ဇာသိပ္ပံ တက္ကသိုလ်ကြီးကို တည်ဆောက်နိုင်ခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် ပထမနှစ်ကျောင်းသားကျောင်းသူပေါင်း ၅၁၇ ဦးဖြင့် စတင် ပညာသင်ကြားလျက်ရှိပါသည်။ ယခင်ရှိပြီး နည်းပညာကောလိပ်ကိုလည်းပဲ နည်းပညာ တက္ကသိုလ်အဖြစ် မြှင်တင်ပေးခဲ့ပြီး AGTI ပထမနှစ်ကျောင်းသူ ကျောင်းသား ၆၀၉ ဦး၊ AGTI ဒုတိယနှစ် ကျောင်းသားကျောင်းသူ ၇၂၂ ဦးနှင့် B.Tech ပထမနှစ်ကျောင်းသူကျောင်းသား ၃၅၈ ဦး၊ B.Tech ဒုတိယနှစ်ကျောင်းသူကျောင်းသား ၂၂၆ ဦး၊ စုစုပေါင်း ကျောင်းသူကျောင်းသား ၂၂၅၃ ဦး။ စစ်ကိုင်း သမဝါယမကောလိပ်ကိုလည်း ၁၉၉၆ ခုနှစ်မှ စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလတွင် နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်လာရောက်ခဲ့ရာ သမဝါယမတက္ကသိုလ်အဆင့်ကို တိုးမြှင့်ပေးခဲ့ပြီး ကျောင်းသားကျောင်းသူ ၁၂၀၃ ဦး။ စစ်ကိုင်းပညာရေး တက္ကသိုလ်တွင် ပထမနှစ် ကျောင်းသားကျောင်းသူ ၃၀၀ ဦး၊ ဒုတိယနှစ်ကျောင်သားကျောင်းသူ ၂၅၈ ဦး၊ တတိယနှစ် ကျောင်းသားကျောင်းသူ ၂၅၃ ဦး၊ စတုတ္ထနှစ်ကျောင်းသားကျောင်းသူ ၂၃၁ ဦး၊ မဟာပထမနှစ် ကျောင်းသားကျောင်းသူ ၁၀၀ ဦး၊ မဟာဒုတိယနှစ်ကျောင်းသားကျောင်းသူ ၇၅ ဦး၊ စုစုပေါင်း ၁၂၁၇ ဦး။ စစ်ကိုင်းမြို့နယ် ရွာသစ်ကြီးကျေးရွာရှိ တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေးသိပ္ပံကို ၁၉၆၄ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်နေ့မှာစတင်ဖွင့်လှစ်ခဲ့ပြီး ၁၉၈၉ ခုနှစ်မှာ တက္ကသိုလ်အဆင့်ကိုတိုးမြှင့်ဖွင့်လှစ်ပေးခဲ့ရာ ၂၀၁၃ ခုနှစ်တွင် မူလတန်းဆရာဖြစ် သင်တန်း ၂၀၄ ဦး၊ ပညာရေးဘွဲ့သင်တန်း ၂၃၇ ဦး။ စစ်ကိုင်းမြို့ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်တွင် ဝိဇ္ဇာသိပ္ပံ၊ GTI ၊ GTC ကျောင်းသားများစုစုပေါင်း ၆၇၀ ဦးနှင့် စစ်ကိုင်းပညာရေး တက္ကသိုလ်၊ စစ်ကိုင်းပညာရေးကောလိပ်မှာလည်းပဲ DTEC ကျောင်းသူ ၂၇၀ ဦး၊ DTED ကျောင်းသူ ၂၀၁ ဦးအား အသီးသီး ပညာသင်ကြားပေး လျက်ရှိပါသည်။
စစ်ကိုင်းမြို့အနေဖြင့် တက္ကသိုလ် ၅ ခု၊ ကောလိပ် ၂ ခု စုစုပေါင်း ၇ ခုဖြင့် ကျောင်းသူကျောင်းသားများအား အနာဂတ်ကာလတွင် နိုင်ငံတော် တည်ဆောက်မည့်သူများအဖြစ် နှစ်စဉ်မွေးထုတ်ပေးလျက်ရှိရာ စစ်ကိုင်းမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းမြို့များမှ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ပြီး ကားလမ်း၊ ရထားလမ်း၊ ရေလမ်းခရီးများဖြင့် လွယ်ကူစွာ သွားလာနိုင်သည့်အတွက် ကျောင်းသားကျောင်းသူများလာရောက် ပညာသင်ကြားရာတွင် လွယ်ကူချောမွေ့စွာဖြင့် ပညာသင်ကြားနိုင်သော မြို့တစ်မြို့ဖြစ်ပါသည်။
ပညာရေးအတွက် ရင်းနှီးမြှုပ်နှံရခြင်းသည် နိုင်ငံတော်၏ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံရခြင်း ဖြစ်သည့်အတွက် အရှုံး မရှိပါကြောင်း၊ ကမ္ဘာပေါ်တွင် ဖွံ့ဖြိုးတိုးတက်မှု ထိပ်တန်းရောက် နိုင်ငံများသည် ပညာရေးကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှု အများဆုံး အသုံးပြုသော နိုင်ငံများဖြစ် သည်ကိုလည်း သိရှိရပါကြောင်း၊ သို့ပါ၍ စစ်ကိုင်းမြို့တွင် တိုင်းဒေသကြီးရုံးများ မရှိတော့သော်လည်း ပညာရေးမြို့တော်ကြီးအဖြစ် တည်ဆောက်နိုင်ရန် ဘက်ပေါင်းစုံပြည့်စုံနိုင်ရေးအတွက် ကွန်ပျူတာတက္ကသိုလ်တစ်ခု တည်ဆောက်ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။