(ဂ)-တမူးမြို့မှအိန္ဒိယနိုင်ငံ၊ အင်ဖာမြို့ထိ တရားဝင် သွားလာခွင့်ရရှိနိုင်ရန်မည်သည့်အချိန်တွင်စီမံဆောင် ရွက်ပေးမည်ကိုသိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်သည် အိန္ဒိယ-မြန်မာနယ်စပ်မြို့ဖြစ်ပြီး တစ်ဖက်နိုင်ငံ မိုးရေးမြို့နှင့် နေ့စဉ် သွားလာလုပ်ကိုင်ဆောင်ရွက်နေကြပါကြောင်း၊ အိန္ဒိယနိုင်ငံ၊ အင်ဖာမြို့သည် တမူးနယ်စပ် မိုးရေးမြို့မှ မိုင် ၉၀ ခန့် ဝေးပါကြောင်း၊ ၎င်း မြို့နယ်၏ ဆေးရုံ၊ ဆေးခန်း၏အဆင့်အတန်းသည် မန္တလေးမြို့၊ ရန်ကုန်မြို့မှာရှိသော ဆေးရုံအဆင့်အတန်းနီးပါးမှရှိပြီး စက်ပစ္စည်းကိရိယာများ၏ စမ်းသပ်မှုသည်လည်း အဆင့်မြင့်မားပါကြောင်း၊ ထို့ကြောင့် တမူးမြို့မှ ဆေးကုသမှု ခံယူလိုသူများသည် အင်ဖာမြို့ကို နည်းလမ်းအမျိုးမျိုးဖြင့် သွားရောက် နေကြရသည့်အတွက် သွားရေးလာရေး အဆင်မပြေကြပါကြောင်း၊
သို့သော်လည်း တရားဝင်ခွင့်ပြုခြင်းဖြင့် သွားရောက်ရခြင်း မဟုတ်သည့်အတွက် လမ်းတွင်အခက်အခဲ အမျိုးမျိုး နှင့် တွေ့ရပြီး ဆေးကုသမှုမသွားရောက်နိုင်ဘဲ လမ်းခုလတ်မှာပင် ပြန်လာရပြီးမှ အစစ်အဆေး၊ အမေးအမြန်းထူခြင်း အပြင်မလိုလားအပ်သည့် ပြဿနာများလည်း ဖြစ်ပွားလာကြောင်း တွေ့ရှိခဲ့ရပါသည်။ မိမိတို့ တမူးမြို့နယ်ရှိ အငြိမ်းစားကျောင်းဆရာကြီးတစ်ဦး အိမ်ပေါ်မှပြုတ်ကျ၍ ဦးခေါင်းဒဏ်ရာ ရသည့်အခါတွင် အင်ဖာဆေးရုံကို မည်သို့သွားရမည်နည်းဆိုသည့် နည်းလမ်းလည်း မသိခြင်း၊ မည်သည့် အဆက်အသွယ်နှင့် သွားရမည်ဆိုသည်ကိုလည်း မသိတာကတစ်ကြောင်းကြောင့် တမူးဆေးရုံမှာတွင် ၃ ရက်လောက်ကြာပြီးမှ ဆေးကုသပါကြောင်း၊ တစ်ဖက်နိုင်ငံ အင်ဖာမြို့ကိုသွားရန် မိုးရေးမြို့ကိုသွားပါကြောင်း၊ အချိန်မကြန့်ကြာ သင့်ဘဲနှင့် ကြန့်ကြာပြီးမှ အင်ဖာဆေးရုံကိုသွားရသည့်အတွက် ယခုလို တရားဝင် သွားလာခွင့်များ ဆောင်ရွက်ပေးရန် အချိန်ယူရမည်ဆိုပါက မိမိတို့ဘက်မှတာဝန်ရှိ ဆက်စပ် အဖွဲ့အစည်းများသည် တစ်ဖက်နိုင်ငံနှင့် အပြန်အလှန်ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ပြီး တရားဝင်သွားလာခွင့် ကျန်းမာရေးဆေးကုသမှု အဆင်ပြေစေရေးအတွက် မြန်မာနိုင်ငံ၊ တမူးမြို့မှ အိန္ဒိယနိုင်ငံ၊ အင်ဖာမြို့သို့ တရားဝင်သွားလာခွင့်ရရှိရေး မည်သည့်အချိန်တွင် စီမံဆောင်ရွက်ပေးရန် လျာထားသည် သို့မဟုတ် ဆေးကုသသွားလိုသူများ အဆင်ပြေစွာသွားလာခွင့် ရရှိနိုင်ရေးအတွက် အောက်ခြေအဆင့်တွင် မည်သို့စီမံ ဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။