(က)-တရားရုံးအဆင့်ဆင့်ရှိ တရားသူကြီးမဟုတ်သော အချို့သောဘီလစ်စာရေးများ၊ ရှေ့ဖတ် စာရေးများ၊ ရုံးအကူများတွင် အနေကြာသူ ဝန်ထမ်းများဖြစ်၍ သင့်တင့်သောအချိုးဖြင့် အသုတ်လိုက် ပြောင်းရွှေ့တာဝန် ထမ်းဆောင်စေရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

2021-01-04

တရားသူကြီးများ မြို့နယ်တစ်ခု၊ နေရာတစ်ခုတွင် နှစ်ကာလကြာရှည်စွာ တာဝန်မထမ်းဆောင်ရဘဲ ပြောင်းရွှေ့တာဝန်ထမ်းဆောင်စေသည့် အစဉ်အလာရှိသည်ကို တွေ့ရပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် ရာထူးကြီးငယ်မဟူ တစ်နေရာတည်းတွင် ကာလကြာရှည်စွာ တာဝန်ထမ်းဆောင်ရပါက ၎င်းတာဝန် ထမ်းဆောင်ရသည့် ပတ်ဝန်းကျင်မှာသာ ကျွမ်းကျင်မှုရှိပြီး အခြားနေရာများ၏ လုပ်ငန်းသဘာဝကို နားလည်ရန်ခက်ခဲပါလိမ့်မယ်။ ထို့အပြင် မလိုလားအပ်သော ကိစ္စများလည်း ပေါ်ပေါက်နိုင်ပါသောကြောင့် အနေကြာဝန်ထမ်းများအား လှည့်လည်တာဝန်ပေးအပ်ခြင်း လိုအပ်မည်ဟု ယူဆပါမိပါကြောင်း၊

နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း (၁) နိုင်ငံတော်အခြေခံမူများ၏ ပုဒ်မ ၁၁ (က) တွင် နိုင်ငံတော်အချုပ်အခြာအာဏာ၏ ခက်မသုံးဖြာဖြစ်သည့် ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေး အာဏာနှင့် တရားစီရင်ရေးအာဏာတို့ကို တတ်နိုင်သမျှ ပိုင်းခြားခြင်းနှင့် အချင်းချင်းအပြန်အလှန် ထိန်းကျောင်းခြင်းကို ပြုသည်ဟူ၍ ဖော်ပြထားပါကြောင်း၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး ဦးစိုးညွန့်မှလည်း တရားစီရင်ရေးနှင့် ဥပဒေပြုရေးမဏ္ဍိုင်ကြီး နှစ်ရပ်ကို အစဉ်အလာမပျက် အတူတကွလက်တွဲဆောင်ရွက်ရန် လိုအပ်ကြောင်းဖြင့် ပြည်သူ့လွှတ်တော်သို့ လာရောက် ဆွေးနွေးခဲ့ကြောင်း တွေ့ရှိရပါသည်။

ထို့အပြင် ၂-၈-၂၀၁၇ ရက်နေ့ထုတ် မြန်မာနိုင်ငံတရားသူကြီးများအတွက် တရားစီရင်ရေး ကျင့်ဝတ် စာအုပ်၏ အခန်း (၁) လွတ်လပ်မှုခေါင်းစဉ်အောက်ရှိ အခြေခံမူအပိုဒ် ၇ တွင် တရားသူကြီး တစ်ဦးသည် တရားစီရင်ရေးဆိုင်ရာ လုပ်ဖော်ကိုင်ဖက်များ၏ မလျော်ကန်သော လွှမ်းမိုးမှုကို လက်မခံဘဲ စီရင်ဆုံးဖြတ်ချက်များအား လွတ်လပ်စွာဆောင်ရွက်ရမည်ဟု ဖော်ပြထားပါကြောင်း၊ အထက်ပါအချက်များတွင် ကောင်းမွန်သင့်မြတ်သော အချက်များဟုယူဆမိပါကြောင်း၊ သို့သော် တရားရုံးဆင့်ဆင့်တွင် တာဝန်ထမ်းဆောင်နေသော အချို့ဘီလစ်စာရေးများ၊ ရှေ့ဖတ်စာရေးများ၊ ရုံးအကူများအနေဖြင့် သန္ဓေဝန်ထမ်းများဖြစ်သည့်အတွက် ၎င်းတို့တာဝန်ကျရာတရားရုံးတွင် အငြိမ်းစားယူသည့် အချိန်ထိမပြောင်းရွှေ့ရဘဲ တာဝန်ထမ်းဆောင်ရသည်ကို တွေ့ရှိရပါကြောင်း၊ ယခုလို မပြောင်းရွှေ့ရသည့်အတွက် ဒေသခံများ၏ရင်းနှီးမှုဖြင့် တရားသူကြီးများနှင့်ပြည်သူ၊ အမူသည်များအကြား ပေါင်းကူးသဖွယ်ဖြစ်နေခြင်းကြောင့် မလိုလားအပ်သော ပြဿနာများ၊ မလျော်ကန်သော လွှမ်းမိုးမှုများဖြစ်နေသည်ကိုလည်း တွေ့ရှိရပါကြောင်း၊ စာရေးဝန်ထမ်းများ၏ ဆောင်ရွက်ချက်များကြောင့် တရားသူကြီးအပေါ် ထိခိုက်နစ်နာလေ့ရှိပြီး တချို့ဝန်ထမ်းများတွင် တရားသူကြီးအသစ်များထက် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို ပို၍နားလည်သည့်အတွက် အကောင်းဘက်တွင် သုံးပါက အကျိုးရှိနိုင်သော်လည်း တရားရုံး၏ပြဿနာ အခြေခံမှာ ဝန်ထမ်းများကြောင့် စတင်ဖြစ်ပွားသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် တရားစီရင်ရေးအာဏာနှင့် ဥပဒေပြုရေးအာဏာတို့ကို ထိန်းကျောင်းအကြံပြုသည့်အနေဖြင့် တရားရုံးအဆင့်ဆင့်ရှိ တရားသူကြီးများ မဟုတ်သော အခြားအဆင့်ဝန်ထမ်းများ ဖြစ်ကြသော တရားရုံးရှိအချို့သော ဘီလစ်စာရေးများ၊ ရှေ့ဖတ်စာရေးများ၊ ရုံးအကူများမှာ အနေကြာဝန်ထမ်းများဖြစ်၍ သင့်တင့်သော အချိုးဖြင့် အသုတ်လိုက်ပြောင်းရွှေ့ တာဝန်ထမ်းဆောင်စေရန် အစီအစဉ်ရှိ/မရှိ သိလိုကြောင်းနှင့် အစီအစဉ်ရှိပါက မည်သို့ဆောင်ရွက်နေသည်၊ ဆောင်ရွက်ရန်ရှိသည်နှင့် အစီအစဉ်မရှိပါက မည်သည့်အတွက်ကြောင့် မရှိသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။