(င)-နန်းယွန်းမြို့နယ်ရှိ ကျန်းမာရေးဌာနတွင် လိုအပ်လျက်ရှိသော ဆရာဝန်များနှင့်ဝန်ထမ်းများအား ဖွဲ့စည်းပုံအတိုင်း မည်သည့်အချိန်တွင် အပြည့်အဝခန့်ထားပေးမည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း

2021-01-04

နန်းယွန်းမြို့နယ်တွင် မြို့နယ်ဆေးရုံတစ်ခု၊ တိုက်နယ်ဆေးရုံနှစ်ခု ရှိသော်လည်း ဆရာဝန်များကို ဖွဲ့စည်းပုံအတိုင်းခန့်ထားပေးမှုမရှိခြင်း၊  ကျန်းမာရေးဝန်ထမ်းများကို ဖွဲ့စည်းပုံအတိုင်းအပြည့်အဝ ခွဲဝေခန့်ထားပေးနိုင်မှု မရှိခြင်းများကြောင့် ယနေ့အချိန်အထိ ကျန်းမာရေးစောင့်ရှောက်မှု အပြည့် အဝ မရရှိနိုင်သေးပါကြောင်း၊  အထူးသဖြင့်မြို့နယ်နှင့် တိုက်နယ်ဆေးရုံများတွင် ဆရာဝန်များ မရှိ သည့်အတွက် ပြည်သူများ၏ အသက်များသည် မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးခဲ့ရသည်များ ရှိပါကြောင်း၊ ယခု အချိန်တွင် ပန်ဆောင်နှင့် ဒုံဟီးတိုက်နယ်ဆေးရုံအတွက် ခွဲဝေခန့်ထားပေးသည့် ဆရာဝန်များသည် လည်း သင်တန်းတက်ရောက်လျက်ရှိပြီး အဆိုပါဆရာဝန်များကိုယ်စား အစားထိုးခန့်ထားပေးခြင်း မရှိခြင်းကြောင့် ဆရာဝန်မရှိသည့် အခက်အခဲကြုံတွေ့ရပါကြောင်း၊ ဒုံဟီးတိုက်နယ်ဆေးရုံတွင် တပ်က ဆရာဝန်နှစ်ဦးကို တွဲပေးထားသော်လည်း Covid ကာလမပြီးသေးသည့်အချိန်ထိ တွဲဖက် နေခြင်းဖြစ်ပါကြောင်း၊  ပန်ဆောင်ဆေးရုံတွင် ယနေ့အချိန်ထိ အထက်တန်းသူနာပြုများကသာ တာဝန်ယူစောင့်ရှောက်ပေးနေရပါကြောင်း၊ ထို့ကြောင့် ပြည်သူ့ကိုယ်စားလှယ် တစ်ယောက် အနေဖြင့် လွှတ်တော်ထဲတွင်လည်းကောင်း၊ နိုင်ငံတော်အဆင့်ပုဂ္ဂိုလ်များ၏ ခရီးစဉ်များတွင် လည်းကောင်း ကျန်းမာရေးနှင့် ပတ်သက်ပြီး အကြိမ်ကြိမ်လည်းတင်ပြတောင်းခံခဲ့ပါကြောင်း၊ ၂၀၂၀ ဇန်နဝါရီလ ၂၁ ရက်နေ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ခရီးစဉ်အတွင်း ကျန်းမာရေးနှင့် ပတ်သက်ပြီး ဒေသခံပြည်သူများ၏ တင်ပြတောင်းခံမှုအပေါ် ပြည်ထောင်စုဝန်ကြီး ကိုယ်တိုင်က အမြန်ဆုံးဆောင်ရွက်ပေးပါမည်ဟု လူထုတွေ့ဆုံပွဲတွင် ကတိကဝတ်ပေးခဲ့ပြီးဖြစ်ခြင်းကြောင့် နန်းယွန်းမြို့နယ်ရှိ ကျန်းမာရေးဌာနများတွင် လိုအပ်လျက်ရှိသော ဆရာဝန်များနှင့် ကျန်းမာရေး ဝန်ထမ်းများအား ဖွဲ့စည်းပုံအတိုင်း မည်သည့်အချိန်တွင် အပြည့်အဝခွဲဝေခန့်ထားပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။