(ဃ)-အားကစားနှင့် ကာယသိပ္ပံကျောင်းများမှ သင်တန်းသားသင်တန်းသူများကို အခြေခံပညာကျောင်းများတွင် အခြေခံဝန်ထမ်းနေရာခန့်ထားပေးခြင်းအား ပညာရေးဝန်ကြီးဌာနနှင့် စီမံဆောင်ရွက်ရန် အစီအစဉ်ရှိ/မရှိ နှင့်စပ်လျဉ်းသည့်မေးခွန်း

2021-01-04

 

()-ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အားကစားနှင့် ကာယသိပ္ပံကျောင်းများမှ သင်တန်းပြီး မြောက်သည့် သင်တန်းသားသင်တန်းသူများကို ကျောင်းဆင်းပြီးနောက် အခြေခံပညာကျောင်းများ တွင် ကျောင်းသားကျောင်းသူများ၊ အားကစားနှင့် ကာယပညာသင်ကြားနိုင်ရန်အတွက် အခြေခံ ဝန်ထမ်းနေရာ ခန့်ထားပေးခြင်းအား ပညာရေးဝန်ကြီးဌာနနှင့် စီမံဆောင်ရွက်ရန် အစီအစဉ်ရှိ/မရှိ နှင့်စပ်လျဉ်းသည့်မေးခွန်း

မိမိအနေဖြင့် ၎င်းမေးခွန်းကို ၂၀၁၉ ခုနှစ် ဇွန်လတွင်တင်သွင်းခဲ့ခြင်း ဖြစ်ပါကြောင်း၊ မေးခွန်းက ဟောင်းနေသော်လည်း အားကစားနှင့် ကာယသိပ္ပံကျောင်းဆင်းများ၏ အလုပ်အကိုင်အခွင့်အလမ်း များသည် အဆင်မပြေကြသေးသည့်အတွက် မအိုသေးသည့် မေးခွန်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် အားကစားနှင့် ကာယပညာသိပ္ပံကျောင်းများကို ၁၉၉၂ ခုနှစ်က ရန်ကုန်မြို့တွင်စတင်ဖွင့်လှစ်ခဲ့ပြီး ၁၉၉၇ ခုနှစ်မှစတင်၍ အားကစားနှင့် ပညာရေးပေါင်းစပ်သင်ကြားရေးကို ဆောင်ရွက်ခဲ့ပါကြောင်း၊ အတန်းပညာကို တက္ကသိုလ်ဝင်တန်းအဆင့်အထိ နှစ်သက်ရာအားကစားပညာရပ်(၂၅)မျိုးနှင့် ပူးတွဲ သင်ကြားရသည့်အတွက် ပင်ပန်းခက်ခဲလှသော သိပ္ပံကျောင်းသင်တန်းများဖြစ်ပါကြောင်း၊ ယနေ့ ဆိုလျှင် ၂၂ ရက်ကျော်တိုင် ရောက်ရှိခဲ့ပြီ ဖြစ်ပါကြောင်း၊ ၂၀၁၈ ခုနှစ် ဇွန်လအထိ မြို့ကြီးခြောက်မြို့ တွင် သင်တန်းသား ၉၅၀ ဦးကို အားကစားအမျိုးအစား ၂၅ မျိုး နှစ်သက်ရာသင်ကြားလျက်ရှိကြောင်း ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေးတွင် ဦးကိုကိုနိုင်၊ စစ်ကိုင်းတိုင်း ဒေသကြီး မဲဆန္ဒနယ် အမှတ်()ကိုယ်စားလှယ်မေးခဲ့သည့် ကြယ်ပွင့်ပြမေးခွန်းကတစ်ဆင့် မှတ်သားခဲ့ရပါကြောင်း၊

ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက အားကစားနှင့် ကာယသိပ္ပံကျောင်းဆင်းပြီးရုံနှင့် မူလတန်းပြ ကာယဖြင့်မခန့်ထားနိုင်ကြောင်း ဘွဲ့တစ်ခုခုထပ်မံရရှိမှသာ ကာယဆရာအလယ်တန်းပြ ခေါ်သည့် အခါ လျောက်ထားနိုင်ကြောင်း ဖြေကြားခဲ့ပါသော်လည်း အားကစားနှင့်ပညာရေး ပေါင်းစပ်ရန် အတွက် ၂၀၁၈ ခုနှစ် မတ်လက ကျင်းပခဲ့သော  အမျိုးသားအားကစားနှီးနှောဖလှယ်ပွဲ (National Sport Seminar 2018) ကို ကျင်းပခဲ့ပါကြောင်း၊ ရလဒ်အနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ပူးပေါင်းစီမံပြီး လစ်လပ်နေသည့် ကာယဆရာဆရာမများနေရာတွင် အရည်အချင်းပြည့်မီသည့် ဆရာဆရာမများခန့်ထားရန် ဆောင်ရွက်သင့်ကြောင်း သဘောတူ နားလည်ခဲ့ကြပါကြောင်း၊ ထို့ကြောင့် ယခုအချိန်တွင် ၎င်းကိစ္စနှင့်ပတ်သက်ပြီး အားကစားနှင့် ကာယသိပ္ပံ ကျောင်းဆင်းများကို ဝန်ထမ်းနေရာခန့်ထားရန် ပညာရေးဝန်ကြီးဌာနနှင့် မည်သို့ ဆက်သွယ် ဆောင်ရွက်စီမံထားသည်ကို သိရှိလိုသည့်အတွက် မေးမြန်းရခြင်းဖြစ်ပါကြောင်း၊

သင်တန်းဆင်းများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယဦးစီးဌာနတွင် နည်းပြနှင့် အားကစားမှူးရာထူးများ ခန့်ထားပေးသော်လည်း သင်တန်းဆင်းအများအပြားအတွက် ခြုံငုံလုံလောက်ခြင်းမရှိသည့် အခြေအနေတွင် ပညာရေးဝန်ကြီးဌာနကလည်း  ဘွဲတစ်ခုရမှခန့်မည် ဆိုသည့်အတွက် သိပ္ပံကျောင်းဆင်း၊ သင်တန်းဆင်းများအတွက် ၁၀ တန်းမအောင်ပါက ၎င်းတို့၏ အနာဂတ်ပျောက်နေပြီ ဖြစ်သည့်အပြင် ထပ်မံတိုးချဲ့မည့် အားကစားသိပ္ပံများအတွက် စီမံကိန်း လျာထားရန် သိပ္ပံတစ်ခုစီကို ကျပ်သန်းပေါင်း ၆၀၀၀ လျာထားကြောင်း ၂၀၁၉-၂၀၂၀ ဘတ်ဂျက် စိစစ်ရာတွင် သိရပါကြောင်း၊ သိပ္ပံကျောင်းဆင်းတစ်ယောက်အတွက် နိုင်ငံတော်၏ကုန်ကျငွေသည် အခြေခံပညာကျောင်းဆင်း ကျောင်းသားတစ်ယောက်ထက် များစွာပိုကုန်ကျမည်မှာ သေချာပါ ကြောင်း၊ သတိပြုကြရန်လိုအပ်ပါကြောင်း၊ နိုင်ငံတော်၏ကုန်ကျငွေများ အဟောသိကံမဖြစ်ရန် လိုအပ်ပါကြောင်း၊ စာသင်ကျောင်းများမပါဘဲ မြန်မာအားကစားအနာဂတ်မရှိနိုင်ပါကြောင်း၊ စာသင်ကျောင်းများမပါဘဲ အားကစားကို ကွက်လုပ်၍  မရပါကြောင်း၊ အိမ်နီးချင်းထိုင်းနိုင်ငံ၏ အားကစားအဆင့် အာရှအဆင့်မရောက်သေးခင် ပြဿနာ၏အဖြေသည် ထိုင်းနိုင်ငံအခြေခံ ကျောင်းများ၏ ခန့်ထားသင့်သည့် အားကစားနှင့် ကာယဆရာ အရေအတွက်၏ တစ်ဝက်သာ ခန့်ထားနိုင်ခြင်းကြောင့်ဖြစ်သည်ဟု မှတ်ချက်ပြုထားသည်ကို သင်ခန်းစာ ယူသင့်ပါကြောင်း၊ ၁၅၊ ၁၆၊ ၁၇၊ ၁၈ ကြိမ်မြောက် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲများတွင် မိမိတို့နိုင်ငံသည် ဆုတံဆိပ်ရရှိမှုဆုတ်ယုတ်ကျဆင်းလာလျက်ရှိသည့်အခြေအနေကို ကျန်းမာရေး၊ အားကစားနှင့် ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူတို့ပူးပေါင်းပြီး ထိရောက်သည့် သုံးသပ်မှုများပြုလုပ်ပြီး သိပ္ပံ ကျောင်းဆင်းများကို အလုပ်အကိုင်အခွင့်အလမ်းများပေးပြီး အခြေခံပညာနှင့် တက္ကသိုလ်များ အားကစားအဆင့်အတန်းကို မြှင့်တင်နိုင်ပါကြောင်း၊ နိုင်ငံချစ်စိတ်နှင့် ပူးပေါင်းစီမံဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊

လူများများကစားလေ ထူးချွန်သူများများရွေးချယ် နိုင်လေလေဆိုသည့် အားကစားသီအိုရီတစ်ခုအရ လူများများကစားရန် အားကစားအဖွဲ့ချုပ်များကိုသာ အားမကိုးနိုင်သည့်အတွက် ကျောင်းသား ကျောင်းသူများကို အားကစားနှင့် ကာယပညာမလိုက်စားသရွေ့ မကစားသရွေ့ မြန်မာ့အားကစား အဆင့်အတန်း မတိုးတက်နိုင်ကြောင်း သိရမည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနနှစ်ခုပူးပေါင်း ဆောင်ရွက်သည့်နေရာတွင် သိပ္ပံကျောင်းဆင်းများကို အခြေခံကျောင်းများတွင် ဝန်ထမ်းနေရာ ခန့်ထားပေးပြီး ၎င်းပြဿနာကို ဖြေရှင်းနိုင်ပါကြောင်း၊ ရေရှည်ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဝန်ကြီးဌာနနှစ်ခုပေါင်းစပ်ပြီး သိပ္ပံကျောင်းဆင်းများကို ကာယပညာဆရာများအဖြစ် ပညာရေးဝန်ကြီးဌာနမှ အခြေခံဝန်ထမ်းနေရာများ ခန့်ထားနိုင်မှသာ နိုင်ငံ့ဘဏ္ဍာနှစ်အကုန်အကျခံ မွေးထုတ်ထားသော သင်တန်းဆင်းလူ့စွမ်းအားအရင်းအမြစ်များ အဟောသိကံမဖြစ်ခြင်း၊ ပညာ ထူးချွန်ကျန်းမာကြံ့ခိုင်သော အနာဂတ်မျိုးဆက်သစ်များမွေးထုတ်ပေးနိုင်ခြင်း၊ အားကစားထူးချွန်သူ အများအပြားပေါ်ထွက်၍ အားကစားဖြင့် နိုင်ငံ့ဂုဏ်ကိုဆောင်နိုင်ခြင်းအကျိုးကျေးဇူးများရမည် ဖြစ်သည့်အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့် ကာယသိပ္ပံကျောင်းများမှ သင်တန်းပြီးမြောက်သည့် သင်တန်းသားသင်တန်းသူများကို ကျောင်းဆင်းပြီးနောက် အခြေခံပညာ ကျောင်းများတွင် ကျောင်းသားကျောင်းသူများ၊ အားကစားနှင့် ကာယပညာသင်ကြားနိုင်ရန်အတွက် အခြေခံဝန်ထမ်းနေရာ ခန့်ထားပေးခြင်းအား ပညာရေးဝန်ကြီးဌာနနှင့် စီမံဆောင်ရွက်ရန် အစီအစဉ် ရှိ/မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။